Thursday, December 29, 2011

ရွှေ ရေနံနှင့် ဓါတ်ငွေ့ပိုက်လိုင်းလုံခြုံရေး အတွက် မြန်မာအစိုးရ KIOအား တိုက်

KNG


ရှမ်းပြည် မြောက်ပိုင်းတွင် ရွှေ ရေနံနှင့် သဘာဝ ဓါတ်ငွေ့ပိုက်လိုင်း စီမံကိန်း လမ်းကြောင်း တလျှောက် မြန်မာ အစိုးရ တပ်နှင့် ကချင် လွတ်မြောက်ရေး အဖွဲ့ (KIO) တပ်ဖွဲ့ ၀င်များ လေးရက်ကြာ တိုက်ခိုက် နေကြသည်။

ရေနံနှင့်သဘာဝဓါတ်ငွေ့ပိုက်လိုင်းဖြတ်သန်းဖောက်လုပ်ရန်ရှိသည့် နမ်တူမြို့နှင့် နမ့်ခမ်းမြို့နယ်အတွင်း ဒီဇင်ဘာ ၂၅ ရက်ကတည်းက ထိုးစစ်ဆင်လာသော မြန်မာအစိုးရတပ်ကို KIO တပ်ဖွဲ့ဝင်များ ခုခံနေရသည် ဟု KIO အရာရှိများပြောသည်။

ရွှေ ပိုက်လိုင်းသည် ကချင်လွတ်မြောက်ရေးတပ်ဖွဲ့ (KIA) တပ်မဟာ ၄ လက်အောက်ခံ တပ်ရင်း ၈ ဒေသကို ဖြတ်သန်းသွားမည်ဖြစ်သည်။

ယခုနှစ်အစောပိုင်းတွင်လည်း ၎င်းစီမံကိန်းအတွင်းကျရောက်နေသော ရှမ်းပြည်တပ်မတော်မြောက်ပိုင်း (SSA-N/SSPP)အား မြန်မာအစိုးရတပ်က တိုက်ခိုက်ခဲ့သည်။

ထိုစီမံကိန်းပြီးစီးသွားပါက ရခိုင်ဆိပ်ကမ်းမှ တရုတ်နိုင်ငံယူနန်ပြည်နယ်သို့ ရေနံနှင့် သဘာဝဓါတ်ငွေ့များ ပို့ဆောင်မည်ဖြစ်သည်။ ၎င်းမှ မြန်မာဗဟိုအစိုးရက ငွေကြေးအမြောက်အများ နှစ်စဉ် ခံစားရရှိမည်ဖြစ်သည်။

အစိုးရတပ်က KIO ကို တိုက်ခိုက်ရာတွင် ဓါတုလက်နက်အသုံးပြု

ပြီးခဲ့သည့် ၂၄ နာရီ အတွင်း မြန်မာ အစိုးရ တပ်က KIA တပ်မဟာ ၄ ကို တိုက်ခိုက် ရာ၌ အမည်မသိ ဓါတု လက်နက်များ အသုံးပြု နေ သည်ဟု KIA အရာရှိ ဒူဇောင်းက ဒီဇင်ဘာလ ၂၁ ရက် က ကချင် သတင်း ဌာနသို့ ပြောသည်။


မြန်မာ အစိုးရ တပ်က လက်နက်ကြီး ကျည်များ ဆက်တိုက် ပစ်ခတ်ပြီး နောက် ၎င်းအငွေ့ကို ရှူရှိုက် မိသည့် KIA တပ်သား ၁၀ ယောက် ကျော်သည် ဝေဒနာ ခံစား လာသည် ဟု ဒူဇောင်းဆက် ဆိုသည်။ ထိုသူ များသည် အော့အန် လာကြကာ အချို့ မေ့မြော သွားကြ သည် ဟု ဆိုသည်။

ဇွန်လ နောက်ပိုင်း တိုက်ပွဲ စတင်ဖြစ်ပွား ချိန်မှ KIO အား တိုက်ခိုက် ရာတွင် မြန်မာ အစိုးရ တပ်က ဓါတု လက်နက်များ အသုံးပြု နေ ကြောင်း အကြိမ်ကြိမ် သတင်း ပြန့်နှံ့ လာပါသည်။ သို့သော် သက်သေ အထောက် အထား ခိုင်လုံမှု မရှိဘဲ မြန်မာ အစိုးရ တပ်က မည်သို့သော ဓါတု လက်နက်မျိုး အသုံးပြု နေသည်ကို မသိရ သေးပေ။

No comments: