Saturday, December 31, 2011

မြန်မာသတင်းသမားများ လွတ်မြောက်ရေး ဖိအားပေးရန် ကုလကို တောင်းဆိုမည်

ကို​ထွေး

မြန်မာ နိုင်ငံ အကျဉ်းထောင် တွေမှာ ဖမ်းဆီး ထားတဲ့ သတင်း သမား တွေကို လွှတ်ပေးဖို့ အတွက် ကုလ သမဂ္ဂက နေတဆင့် အစိုးရကို ဖိအား ပေးဖို့ လုပ်ဆောင် မယ်လို့ အရှေ့တောင် အာရှ သတင်း မဟာမိတ် အဖွဲ့ (SEAPA) က ပြောပါတယ်။

SEAPA က ဒေသတွင်း အဖွဲ့ အစည်း တခု ဖြစ်တာနဲ့ အညီ အကျဉ်းကျ ခံနေရတဲ့ သတင်း သမား ၁၁ ဦး လွတ်မြောက် လာရေး အတွက် ကုလ သမဂ္ဂ ကနေ မြန်မာ အစိုးရကို ဖိအားပေး ဆောင်ရွက် သွားမယ်လို့ SEAPA အမှုဆောင် ညွန်ကြား ရေးမှူး Gayathry Venkiteswaran က ပြောကြား လိုက်တာပါ။

“ဒေသတွင်း ရှေ့နေ တွေနဲ့​ ​မြန်မာပြည် တွင်းက ရှေ့နေတွေ ကိုလည်း သတင်းသမား ကိစ္စ အတွက်​ ​ထောက်ခံကူညီ တိုက်ပွဲ ၀င်ဖို့ ကျမတို့ အားပေး ချင်ပါ တယ်။ ဒီကိစ္စ ကတော့ စိန်ခေါ်မှုတချို့ရှိ နေပေမယ့် ကျမတို့ လုပ်ချင် ပါတယ်။ ဒါပေမယ့် ဒေသတွင်း အဖွဲ့ အစည်း အနေနဲ့ ဒီကိစ္စကို ကုလ သမဂ္ဂ အဆင့် ထိကို တင်ပြပြီး တော့ မြန်မာ အစိုးရကို ဖိအား ပေးဖို့ မျှော်လင့် ပါတယ်။”

ဒီကိစ္စကို ကုလသမဂ္ဂရဲ့ လွတ်လပ်စွာဖော်ထုတ်ခွင့်ဆိုင်ရာ အထူးကိုယ်စားလှယ်ကိုလည်း ဒီနှစ်ထဲ တင်ပြခဲ့ပြီး ဖြစ်တယ်လို့ ပြောပါတယ်။

ပြီးခဲ့တဲ့ အင်္ဂါနေ့က SEAPA ရဲ့ ထုတ်ပြန်ချက်မှာတော့ အောက်တိုဘာလမှာ မြန်မာအစိုးရက ပြန်လွှတ်ပေးခဲ့တဲ့ နိုင်ငံရေး အကျဉ်းသား ၂၂၀ လောက်မှာ စာရေးဆရာ ၅ ယောက်လောက် ပါဝင်ခဲ့ပေမယ့် အကျဉ်းထောင်ထဲမှာ ဗွီဒီယို ဂျာနယ်လစ်နဲ့ သတင်းသမား နောက် ထပ် ၁၁ ယောက်ရှိနေသေးတယ်လို့ ဆိုပါတယ်။

ဒီအချက်အလက်ကို အပြင်က သတင်းမီဒီယာတွေ အပါအ၀င် နိုင်ငံတွင်းက သူတို့ရဲ့ ကွန်ရက်ကနေ တဆင့် အတည်ပြု နိုင်တာ ဖြစ်ပေ မယ့် ဒီထက်ပိုများနိုင်တယ်လို့လည်း သူက ဆက်ပြောပါတယ်။

“တချို့တွေကလည်း တိတ်တဆိတ်နဲ့ သတင်းသမား လုပ်ဆောင်နေတာတွေကလည်း ရှိနေတော့ အတည်ပြုချက် ရယူနိုင်ဖို့ ခဲယဉ်းပါ တယ်။ ဒါပေမယ့် အဲဒီထဲမှာ သတင်းသမား တွေရှိမယ်ဆိုတာကတော့ ယုံကြည်ပါ” လို့ မစ္စ Gayathry Venkiteswaran က ပြောသွား တာပါ။

SEAPA က ထောက်ပြထားတဲ့ ထိန်းသိမ်းခံ မြန်မာသတင်းနဲ့ စာနယ်ဇင်းသမား ၁၁ဦးကတော့ ဓာတ်ပုံ သတင်းထောက် သန့်ဇင်အောင်၊ ကဗျာဆရာ မင်းဟန်၊ ဘလော့ဂ်ဂါ နေဘုန်းလတ်၊ ကန္တာရ၀တီတိုင်း အယ်ဒီတာ ညီညီထွန်း၊ သတင်းထောက် ဇေယျာဦး၊ အားကစား ကလောင်ရှင် ဇော်သက်ထွေးနဲ့ ဒီဗွီဘီ သတင်းထောက်တွေဖြစ်တဲ့ မလှလှဝင်း၊ ကိုငွေစိုးလင်း၊ ဂီတသမား ကိုဝင်းမော်၊ ဓာတ်ပုံ သတင်း ထောက် စည်သူဇေယျ၊ စာရေး ဆရာဦးဇေယျတို့ ဖြစ်ပါတယ်။

No comments: