ဒီဗွီဘီ
ကချင်ပြည်နယ် မိုးမောက်မြို့နယ်နဲ့ ရှမ်းပြည်မြောက်ပိုင်း ကွတ်ခိုင်မြို့နယ်ထဲမှာ ကေအိုင်အေ ကချင်လွတ်မြောက်ရေးတပ်ဖွဲ့နဲ့ အစိုးရတပ်မတော်တို့ ဒီနေ့ မနက်ပိုင်းမှာ တိုက်ပွဲတွေ ဖြစ်ပွားခဲ့ပါတယ်။
ကေအိုင်အို တပ်မဟာ ၃ က ထိန်းချုပ်ထားတဲ့ မိုးမောက်မြို့နယ် လွယ်ဂျယ်-ချင်လုံသွား ကားလမ်းပေါ်မှာ စစ်ကြောင်းချီလာတဲ့ အစိုးရ တပ်မ ၈၈ နဲ့ ကေအိုင်အို တပ်မဟာ ၅ တို့တိုက်ပွဲဖြစ်ပွားခဲ့တာပါ။
အလားတူ ကေအိုင်အေတပ်မဟာ ၄ ထိန်းချုပ်နယ်မြေဖြစ်တဲ့ ရှမ်းပြည်နယ် ကွတ်ခိုင်မြို့နယ် နမ့်ဖတ်ကာ ဒေသထဲမှာလည်း ပြီးခဲ့တဲ့ ခရစ္စ မတ်နေ့ကစပြီး ဒီကနေ့အထိ တိုက်ပွဲတွေဖြစ်ပွားခဲ့တယ်လို့ ကေအိုင်အိုက ပြောပါတယ်။
နှစ်ဘက် ထိခိုက်ဒဏ်ရာရတာတွေ ရှိပေမယ့် တိုက်ပွဲမပြီးသေးလို့ စာရင်းအတိအကျ မပြောနိုင်သေးတဲ့အကြောင်း၊ အစိုးရတပ်က ကေအိုင်အေတပ်ရင်း ၈ ကို သိမ်းပိုက်ဖို့ လက်နက်ကြီးတွေသုံးပြီး အပြင်းအထန် ပစ်ခတ်နေတယ်လို့ ကေအိုင်အေပြောခွင့်ရ ဒုတိယဗိုလ်မှူးကြီး ယော်ထုံက ပြောပါတယ်။
“ကျနော်တို့လည်း ထိုးလိုက်၊ တိုက်လိုက်။ စစ်သားတွေ လက်နက်ကြီးပြန်ပစ်လိုက်အဲဒါနဲ့ တိုက်နေကြတယ်။ သူတို့ တပ်ရင်း ၈ နယ်မြေကို အတင်းလက်နက်ကြီးတွေနဲ့ အကြီးအကျယ် တိုက်နေကြတယ်။ တပ်မဟာ ၄ နယ်မြေ အားလုံးကို တိုက်နေတာပဲ။ သူတို့ သိမ်းလို့ မရတဲ့ဟာက အဲဒီ တပ်ရင်း ၈ နယ်မြေ ဖြစ်နေတယ်။ အဲဒါကြောင့် တိုက်နေတယ်။ သူတို့က ကျနော်တို့ဆီကို လာတိုက်တာ။ ကျနော်တို့ ရှိတဲ့နေရာမှာ လာတိုက်တော့ သူတို့ ပြန်သွားပြီ ဆိုရင်တော့ တိုက်ပွဲတော့ မရှိတော့ဘူးပေါ့။”
မြစ်ကြီးနား-လိုင်ဇာလမ်းပေါ်ရှိ ဝိုင်းမော်မြို့နယ် မလားယန် ကျေးရွာမှာလည်း ကေအိုင်အေနဲ့ အစိုးရ စစ်တပ်ရဲ့ တပ်မ ၉၉ လက်အောက်ခံ တပ်တွေအကြား ဒီဇင်ဘာ ၂၆ ရက် နေ့လယ်ပိုင်းက တိုက်ပွဲဖြစ်ခဲ့ရာမှာ ကျေးရွာအတွင်းက လူနေအိမ် ၈ လုံးကို စစ်တပ်က မီးရှို့လိုက်တယ်လို့ ဒေသခံတဦးက ပြောပါတယ်။
တပ်မ ၉၉ လက်အောက်ခံတပ်တွေဟာ မလားယန်ကျေးရွာအတွင်းနဲ့ ကျေးရွာအနီးရှိ ဆုတောင်းကုန်းမှာ တပ်စွဲနေရာချထားပြီး မနေ့ကလည်း ကေအိုင်အေတပ်ဖွဲ့နဲ့ အဲဒီဒေသတဝိုက်မှာ တိုက်ပွဲတွေ ကြိုးကြား ဖြစ်ခဲ့တယ်လို့ ဆိုပါတယ်။
တိုက်ပွဲတွေကြောင့် စစ်ပြေးဒုက္ခသည် ၇ဝ ကျော် မြစ်ကြီးနားမြို့ကို ရောက်ရှိလာတယ်လို့ ဒေသခံက ပြောပါတယ်။
ကေအိုင်အေနဲ့ မြန်မာအစိုးရအကြား တွေ့ဆုံဆွေးနွေးဖို့ အပြန်အလှန် စာပေးပို့မှုတွေ ရှိနေစဉ်အတွင်း အစိုးရတပ်ဘက်က စစ်အင်အားဖြည့်တင်းမှုတွေနဲ့ စစ်ကြောင်းလှုပ်ရှားမှုတွေ ဆက်လက်လုပ်ဆောင်နေရာကနေ အခုလို နှစ်ဖက် တိုက်ပွဲတွေ ဖြစ်နေတာပါ။
No comments:
Post a Comment