Friday, December 30, 2011

ဂျော့ဂ်ျ ဆိုရော့စ်နှင့် ဒေါ်အောင်ဆန်းစုကြည် တွေ့မည်

လင်းသန့် on December 30, 2011


မြန်မာနိုင်ငံသို့ အလည်အပတ် ရောက်ရှိနေသည့် အမေရိကန် ဘီလျံနာသူဌေးကြီး ဂျော့ဂ်ျ ဆိုရော့စ်သည် ဒေါ်အောင်ဆန်းစုကြည်နှင့် ဇန်နဝါရီလ ၂ ရက်နေ့တွင် တွေ့ဆုံမည်ဟု သတင်းရရှိသည်။

“မစ္စတာ ဂျော့ဂ်ျ ဆိုရော့စ်က ဒေါ်အောင်ဆန်းစုကြည်နဲ့တွေ့ဖို့ လာမယ့်တနင်္လာနေ့မှာပါ။ နေအိမ်မှာပဲ တွေ့ပါမယ်” ဟု ဒေါ်အောင်ဆန်းစုကြည်၏ အနီးကပ်လုံခြုံရေးတာဝန်ယူထားသူ ဦးခွန်သာမြင့်က ဧရာဝတီကို ပြောသည်။

တခြား အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် အဖွဲ့ဝင်များနှင့် တွေ့ဆုံရန်မရှိဟု သိထားကြောင်း၊ ဒေါ်အောင်ဆန်းစုကြည်နှင့် မည်သည့်ကိစ္စများ ဆွေးနွေးမည်ကိုမူ မသိရကြောင်း ၎င်းက ဆက်လက်ပြောသည်။

မစ္စတာ ဂျော့ဂ်ျ ဆိုရော့စ်သည် သား ၂ ဦးနှင့်အတူ သူ၏ ကိုယ်ပိုင်လေယာဉ်ဖြင့် လွန်ခဲ့သည့် ဒီဇင်လာလ ၂၆ ရက်နေ့က မြန်မာနိုင်ငံသို့ ၈ ရက်ကြာခရီးစဉ်အဖြစ် ရောက်ရှိခဲ့ခြင်းဖြစ်သည်။ ခရီးစဉ်အတွင်း အင်းလေးသို့လည်း သွားရောက်လည်ပတ်ကြောင်း သိရသည်။

မစ္စတာ ဂျော့ဂ်ျ ဆိုရော့စ်သည် မြန်မာအစိုးရ ထိပ်ပိုင်းခေါင်းဆောင်တချို့နှင့်လည်း တွေ့ဆုံရန် အစီအစဉ်ရှိကြောင်း သိရှိရသော်လည်း အတည်မပြုနိုင်သေးပေ။

ဟန်ဂေရီနိုင်ငံဖွား အမေရိကန်နိုင်ငံသား အသက် ၈၁ နှစ်ရှိ မစ္စတာ ဂျော့ဂ်ျ ဆိုရော့စ်သည် ၁၉၉၃ ခုနှစ်တွင် အမေရိကန်အခြေစိုက် Open Society Institute (OSI) အဖွဲ့ကြီးကို ထူထောင်ခဲ့သည်။ ယင်းအဖွဲ့ကြီးက အာရှ၊ ဥရောပ၊ အာဖရိကနှင့် လက်တင်အမေရိက တိုက်တို့ရှိ နိုင်ငံပေါင်း ၇၀ ကျော်တွင် ရုံးခွဲများထားရှိကာ အမေရိကန် ဒေါ်လာ သန်း ၈၀၀၀ ကျော် ကူညီပြီးဖြစ်ကြောင်း OSI အဖွဲ့၏ ထုတ်ပြန်ချက်များအရ သိရသည်။

OSI သည် ပြည်တွင်းပြည်ပ မြန်မာ့ဒီမိုကရေစီအရေး လှုပ်ရှားသူများကိုလည်း နှစ်စဉ် အမေရိကန် ဒေါ်လာ သန်းနှင့်ချီ၍ ကူညီထောက်ပံ့ပေးလျက်ရှိသည်။ OSI ဖောင်ဒေးရှင်း၏ Burma Project/ Southeast Asia Initiative က မြန်မာနိုင်ငံသားများ၏ ပညာရေး၊ ကျန်းမာရေး၊ သတင်းမီဒီယာလုပ်ငန်း၊ လူ့အခွင့်အရေးနှင့် ဒီမိုကရေစီလှုပ်ရှားမှုတို့အတွက် ကူညီထောက်ပံ့ပေးသည်။

မစ္စတာ ဂျော့ဂ်ျ ဆိုရော့စ်သည် စစ်အာဏာရှင် ကြီးစိုးနေသည့် မြန်မာနိုင်ငံကို အာဆီယံ အဖွဲ့ဝင်အဖြစ် ခွင့်မပြုသင့်ကြောင်း အာဆီယံခေါင်းဆောင်များကို သတိပေးခဲ့ဖူးသည်။ ၁၉၉၇ ခုနှစ် အာရှ စီးပွားရေးပျက်ကပ်သည် မြန်မာကို အာဆီယံဝင်ခွင့်ပြုခြင်းကြောင့် ဂျော့ဂ်ျ ဆိုရော့စ်က ငွေကြေးကစားပြီး လုပ်ဆောင်ခဲ့ခြင်းဖြစ်သည်ဟု ပြောဆိုကြသည်။

မကြာသေးမီက အမေရိကန် နိုင်ငံခြားရေးဝန်ကြီး မစ္စ ဟီလာရီ ကလင်တန်၏ မြန်မာနိုင်ငံခရီးစဉ်ပြီးနောက် မစ္စတာ ဂျော့ဂ်ျ ဆိုရော့စ်ကို မြန်မာအစိုးရက ပြည်ဝင်ခွင့်ဗီဇာ ထုတ်ပေးခဲ့ခြင်းသည် သမ္မတဦးသိန်းစိန် အစိုးရ၏ ပြုပြင်ပြောင်းလဲရေး လိုလားမှုကို ဖော်ညွှန်းသည့်လက္ခဏာဟု မှတ်ယူနိုင်ကြောင်း၊ ဂျော့ဂ်ျ ဆိုရော့စ်အနေဖြင့် မြန်မာနိုင်ငံ၏ ပြုပြင်ပြောင်းလဲမှု အခြေအနေကို လာရောက်လေ့လာခြင်း ဖြစ်နိုင်ကြောင်း လေ့လာသူတချို့က သုံးသပ်သည်။

“သူရဲ့ OSI ဖောင်ဒေးရှင်းကနေ မြန်မာ့ဒီမိုကရေစီအရေးကို ငွေကြေးကူညီထောက်ပံ့မှုတွေ လုပ်နေရုံတင်မကဘူး သူကိုယ်တိုင်က ၂၀၀၇ ခုနှစ်က ရွှေဝါရောင်တော်လှန်ရေး ပြီးတဲ့နောက်မှာ အနီးကပ် စောင့်ကြည့်လေ့လာခဲ့တယ်လို့ သိရတယ်” ဟု ထိုင်းနိုင်ငံအခြေစိုက် ရွှေသဘာဝဓာတ်ငွေ့ လှုပ်ရှားမှု အဖွဲ့မှ ကိုဝင်းအောင်က ဆိုသည်။

မြန်မာ့အရေးနှင့် ပတ်သက်၍ မစ္စတာ ဂျော့ဂ်ျ ဆိုရော့စ်က ဆက်လက် ကူညီသွားမည်ဟု မျှော်လင့်ကြောင်းလည်း ကိုဝင်းအောင်က ပြောသည်။

မစ္စတာ ဆိုရော့စ်သည် မြန်မာအပါအ၀င် အာဏာရှင်နိုင်ငံများနှင့်ပတ်သက်၍ အနီးကပ် စောင့်ကြည့်လေ့လာခဲ့ပြီး စာတမ်းများ၊ စာအုပ်များကိုလည်း ရေးသားခဲ့သည်။

Soros Fund Management လုပ်ငန်း ဥက္ကဋ္ဌ မစ္စတာ ဂျော့ဂ်ျ ဆိုရော့စ်ကို ငွေကြေးကစားသူ၊ အတွေးအခေါ်ပညာရှင်၊ လူမှုရေး အလှူရှင်၊ အစိုးရ အကြံပေးဟူ၍ လူသိများသည်။

ငွေကြေး ရင်းနှီးမြှုပ်နှံ ရောင်းဝယ်မှုလုပ်ငန်းကို လုပ်ကိုင်ရင်း ဘီလျံနာ ဖြစ်လာသူ မစ္စတာ ဆိုရော့စ်သည် သူ၏ကြွယ်ဝချမ်းသာမှုများကို ကျန်းမာရေး၊ ပညာရေးတို့အတွက် လှူဒါန်းမှုများတွင် အဓိက အသုံးပြုလေ့ရှိပြီး အထူးသဖြင့် ပြည်တွင်းစစ် ဖြစ်ပွားနေသည့်နိုင်ငံများ၊ အာဏာရှင်နိုင်ငံများတွင် ပြည်သူများဘက်မှ အကူအညီ ပေးလေ့ရှိသည်။

No comments: