Thursday, December 29, 2011

ဓါတုပစ္စည်းအန္တရာယ် သတိမမူမိ၍ မီးသတ်တပ်ဖွဲ့ဝင်များ ကျဆုံးရ

ကျော်ခ | ကြာသပတေးနေ့၊ ဒီဇင်ဘာလ ၂၉ ရက် ၂၀၁၁


ရန်ကုန်တိုင်း အရှေ့ပိုင်း ခရိုင် မင်္ဂလာ တောင်ညွှန့်မြို့ နယ်၌ လူ ၂၀ ကျော် သေဆုံး ခဲ့သော နိုင်ငံပိုင် ဓါတု ပစ္စည်း သိုလှောင်ရုံ မီးလောင် ပေါက်ကွဲ မှုတွင် ဂိုဒေါင် အတွင်းရှိ ဓါတု ပစ္စည်း များ၏ အန္တရာယ်ကို သတိမမူ မိသဖြင့် မီးသတ် တပ်ဖွဲ့ဝင် ၅ ဦး ကျဆုံး ခဲ့ရ သည်ဟု သက်ဆိုင်ရာ ဌာန များက ပြောသည်။

မီးသတ် တပ်ဖွဲ့ဝင် များမှာ လောင်ကျွမ်းမှု အရှိန်မြင့် နေသည့် မီးကို အမြန်ငြိမ်း စေလိုဇောဖြင့် ငြှိမ်းသတ် နေကြစဉ် ဂိုဒေါင် အတွင်းရှိ မီးကူး လောင်နေ သည့် ဓါတု ပစ္စည်းများမှ ပေါက်ကွဲကာ အရပ်သား ၁၇ ဦးနှင့် အတူ မီးသတ် တပ်ဖွဲ့ဝင် ၅ ဦးပါ သေဆုံး ခဲ့ရဟု ရန်ကုန် တိုင်း ဗဟိုမီး သတ်ဌာန အရာရှိ တဦးက မဇ္ဈိမကို ပြောသည်။

“မီးလောင် တယ်ဆို တော့ဗျာ အခြား ဘက်တွေကို မကူး အောင်ဆိုပြီး မီးကိုပဲ အဓိက ထားပြီး ငြိမ်းသတ် နေတဲ့ အချိန်မှာပဲ ဒီဓါတု ပစ္စည်း တွေက ထပေါက် ကွဲတော့ အဲဒီမှာ ထိကုန်တာ။ ဒါတွေ ရှိနေတယ် ဆိုတာကို ကျုပ်တို့က မသိဘူး။ ဂိုဒေါင် စောင့်တွေ ကတော့ တချို့က ပစ္စည်း သယ်နေ တုန်းမှာ ထိကုန်တာ” ဟု ပြောသည်။

သေဆုံး သွားသည့် မီးသတ် တပ်ဖွဲ့ များမှာ မင်္ဂလာ တောင်ညွှန့် မီးသတ် ဌာနမှ ၄ ဦးနှင့် ရန်ကုန်တိုင်း ဗဟိုမီး သတ် ဌာနချုပ်မှ ၁ ဦးတို့ ဖြစ် ကြောင်းသိရပြီး ကြာသာပတေးနေ့ ညနေပိုင်း တွင်ပင် ရေဝေး သုဿန်၌ အခမ်း အနားဖြင့် မီးသဂြုင်္ိဟ် ပေးခဲ့သည်။

ကြာသာပတေးနေ့ ညနေ ၅ နာရီအထိ နောက်ဆုံး စုံစမ်းသိရှိမှုအရ ပေါက်ကွဲမှုကြောင့် ဒဏ်ရာရရှိသည့် မီးသတ် တပ်ဖွဲ့ ၃၁ ဦး၊ အရန် မီးသတ် ၆ ဦးနှင့် အရပ်သား ၅၄ ဦး ပါဝင်သည့် စုစုပေါင်း ၉၁ ဦးကိုလည်း ရန်ကုန်ပြည်သူ့ဆေးရုံကြီးတွင် ဆေးကုသ မှုခံယူ နေရ ကြောင်း သိရသည်။ အခင်းဖြစ်ပွားချိန်တွင် မီးငြှိမ်းသတ်ရန် ရောက်ရှိလာ သည့် မီးသတ်ကား ၅၇ စီးအနက်မှ ၈ စီးမှာလည်း ပေါက် ကွဲမှုကြောင့် ပျက်စီး ခဲ့ရ သည်ဟု ဆိုသည်။

အဆိုပါ မီးလောင်ပေါက်ကွဲမှုကြောင့် စီးပွားကူးသန်းဝန်ကြီးဌာနက ပိုင်ဆိုင်သည်ဆိုသော ဂိုဒေါင် ၁၆ လုံး ပျက်စီး ခဲ့သည်။ ထိုအထဲမှ ဂိုဒေါင်တခုတွင် သင်္ဘောဆေးနှင့် အမိုးနီးယား၊ ဆာလ်ဖြူရစ်အက်ဆစ်နှင့် ယမ်းစိမ်းတို့ ပါဝင်သော ဓါတုပစ္စည်းများ သိုလှောင် ထားခြင်း သည် ပေါက်ကွဲမှုဖြစ်ရခြင်း၏ အကြောင်းရင်းဟု နယ်မြေခံ ရဲအရာရှိများ က ယူဆနေကြသည်။

“သိုလှောင်ထားတဲ့ တချို့ဟာတွေက ရေပတ်ရင်တောင် ဓါတ်ပြုပြီးတော့ ဝုန်းကနဲ ထလောင်တာတွေ ရှိတယ်ဗျာ။ ကျနော်တို့ကတော့ အဲလို ယူဆထားတာပဲ။ ဓါတုတွေထားတဲ့ ဂိုဒေါင်ကတော့ တခုပဲဗျ။ သူက ပေါက်ကွဲမှုက များတဲ့အခါကျတော့ ဘေးက ဂိုဒေါင်တွေ၊ အိမ်တွေကို ထိသွားတဲ့သဘောပါ” ဟု အခင်းဖြစ်ပွားရာကို သွားရောက် စစ်ဆေးခဲ့သည့် မင်္ဂလာတောင်ညွှန့်မြို့နယ် ရဲအရာရှိတဦးက မဇ္ဈိမကို ပြောသည်။

အခင်းဖြစ်ပွားရာနေရာများမှ သိမ်းဆည်းခဲ့သည့် ဓာတုပစ္စည်းလောင်ကျွမ်းမှုမှ အကြွင်းအကျန်များကို လူအများ အား ထိခိုက်စေမည့် အန္တရာယ်ပေးနိုင်မှု ရှိမရှိ ဓါတ်ခွဲ စမ်းသပ်မှု ပြုလုပ်သွားမည်ဟု သူက ဆက်ပြောသည်။

အစိုးရ အနေနှင့် ပေါက်ကွဲမှုဖြစ် စေနိုင်သည့် ဓါတု ပစ္စည်းများကို လူနေ ထူထပ်သည့် မြို့တွင်း နေရာများ၌ သိုလှောင်ခြင်း ကို လူအ များက ပြစ်တင် ပြောဆို နေကြ သလို ပေါက်ကွဲမှု များကို ကြိုတင် ရှောင်ရှား နိုင်ရန် စံနစ်တကျ လေ့ကျင့် ပေးထားခြင်း မရှိဟုဆိုကာ မြန်မာ နိုင်ငံ မီး သတ်ဦးစီး ဌာန ကိုလည်း အလားတူ ပြောဆို မှုများ ရှိနေသည်။

ပေါက်ကွဲမှုကတဆင့် ကူးတို့ဆိပ်ရပ်ကွက်အတွင်းရှိ နေအိမ်များသို့ ကူးစက်လောင်ကျွမ်းခဲ့သဖြင့် အိမ်ထောင်စုပေါင်း ၁၄ဝ ကျော်မှ လူဦး ရေ ၁ ထောင်ခန့်မှာ အိုးအိမ်မဲ့ဖြစ်ကာ မီးဘေးဒုက္ခအဖြစ်နှင့် အမှတ် ၂ဝ၊ ၂၄ မူလတန်းကျောင်းများနှင့် တာမွေမြို့နယ် ပုသိမ်ညွှန့်ရပ် ကွက်ရှိ မဟာဝိဇယရာမ ကျောင်းတိုက်တို့တွင် ခိုလှုံနေကြကြောင်း ကယ်ဆယ်ရေးလုပ်ငန်းတွင် တာဝန်ယူနေသည့် မင်္ဂလာတောင်ညွှန့်မြို့နယ် ဒုရဲမှုး ဦးမျိုးမြင့်ကြိုင်က ပြောသည်။

မီးဘေးဒုက္ခသည်များအတွက် အစားအစာ၊ အဝတ်အထည်၊ သောက်ရေနှင့် ဆေးများ ကူညီရန်အတွက် အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် ဗဟိုအမျိုးသမီးသမီးအဖွဲ့များအပါအဝင်၊ ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးအသင်းတို့နှင့် လူမှုကူညီရေးအဖွဲ့များ၊ ပုဂ္ဂလိက စီးပွားရေး လုပ်ငန်းရှင်များက သွားရောက် ကူညီပေးမှုများ လုပ်ဆောင်နေကြ သည်။

No comments: