အံ့ဘုန်းမြတ်
ရပ်နားသွားပြီဖြစ်တဲ့ ဒုတိယအကြိမ် ပြည်ထောင်စုလွှတ်တော်အတွင်း ကြံ့ခိုင်ရေးပါတီ အမတ်တွေနဲ့ အစိုးရ ကြားမှာ အဆို၊ မေးခွန်းတွေနဲ့ ပတ်သက်ပြီး မရှင်းလင်းမှုတွေ အများအပြား ရှိခဲ့တယ်လို့ လွှတ်တော် သုတေသန စာတမ်းပြုစုသူ ဦးကျော်လင်းဦးက ပြောပါတယ်။
“ကြံ့ခိုင်ရေး ပါတီမှာက တော်တော်အံ့ဩဖို့ကောင်းတဲ့ ကိစ္စက ကျနော်တို့က ပါတီကြီး၊ တကယ့်ကို အစိုးရကလည်း နောက်ကနေ ပံ့ပိုးပေးထားတဲ့ပါတီ၊ ဒါပေမယ့် လွှတ်တော်ထဲရောက်သွားတဲ့ အခါမှာ လွှတ်တော်အမတ်တွေ ကိုယ်တိုင်က ငါတို့က ကြံ့ခိုင်ရေးပဲဆိုတဲ့ အမြင်မျိုး မရှိတော့ဘဲနဲ့ တချို့ဟာတွေက ပဋိပက္ခဖြစ်နေတာ တွေ့ရတယ်။ ကြံ့ခိုင်ရေးပါတီ ကိုယ်စားလှယ်တယောက်က ပြောလိုက်ဆိုလိုက်တဲ့ဟာတွေနဲ့ cabinet (အစိုးရ) က တင်လိုက်တဲ့ အဆိုတွေနဲ့ သဘောမတူဘူး။ ထပြီးတော့မှ အပြန်အလှန် မဲခွဲတယ်ဆိုပြီး ခွဲလိုက်တဲ့ဟာမျိုးတွေ တွေ့ခဲ့တယ်ဆိုတော့ ဒါတွေက ဘာပဲဖြစ်ဖြစ် institutional change ဖြစ်သွားတဲ့အတွက် ဖြစ်လာတဲ့ ကွာဟချက်တွေလို့ ကျနော်တို့က ထင်တယ်။”
ဒုတိယအကြိမ် ပြည်ထောင်စု လွှတ်တော်အစည်းအဝေးတွေက ပထမအကြိမ် တုန်းကထက် ပိုအလုပ်ဖြစ်ခဲ့ပြီးတော့ လက်ရှိ အတည်မပြုဖြစ်သေးတဲ့ ဥပဒေအချို့ကိုလည်း လာမယ့် လွှတ်တော်မှာ အတည်ပြုလာနိုင်မယ်လို့လည်း မျှော်လင့်ထားတယ်လို့ ဆိုပါတယ်။
“ဒုတိယအကြိမ် ပုံမှန် လွှတ်တော်အစည်းအဝေးက အရင်က လွှတ်တော် အစည်းအဝေးနဲ့စာရင် သိသာတဲ့ တိုးတက်မှုတွေ ရှိတယ်။ အထူးသဖြင့်တော့ ဥပဒေ တော်တော်များများ ထွက်လာတယ်။ ဥပဒေကြမ်းတွေ တော်တော်များများ ထွက်လာတယ်။ ဒီလိုပဲ လာမယ့်လွှတ်တော်တွေမှာလည်း ဒီလွှတ်တော်တွေမှာ မပြီးပြတ်သေးတဲ့ ဥပဒေတွေ ကျန်ပါသေးတယ်။ ဒီဥပဒေတွေကို ဆက်ပြီးတော့မှ ဆွေးနွေးဖို့ အခြေအနေရှိတယ်။ နောက်တခုက နောက်လွှတ်တော်မှာပဲ တင်ဖို့ အခုစိုင်းပြင်းနေတဲ့ တချို့ ဥပဒေတွေလည်း ရှိတယ်။ အထူးသဖြင့် မီဒီယာ ဥပဒေလိုဟာမျိုး။ ဒီလို ဥပဒေတွေကိုလည်း နောက် လွှတ်တော်တွေမှာ သက်ဆိုင်ရာ ဝန်ကြီးဌာနတွေကနေ တင်သွင်းပြီးတော့မှ ဥပဒေအဖြစ်နဲ့ အတည်ပြုချက်ရယူဖို့ ကြိုးစားမယ့် သဘော ရှိပါတယ်။”
သတင်းစာရှင်းလင်းပွဲမှာ လွှတ်တော်ပြင်ပ နိုင်ငံရေးရဲ့ အရေးကြီးပုံတွေကို ဆွေးနွေးခဲ့ကြပါတယ်လို့ ပြောပါတယ်။
“အောက်ခြေကစပြီး ပြောင်းလဲအောင် အဓိက လုပ်တော့မယ်ဆိုရင် civil society တွေ အားကောင်းအောင် လုပ်တော့မယ်ဆိုရင် လွှတ်တော်ပြင်ပမှာလည်း တာဝန်တရပ်ရှိတယ်။ အဲဒါကြောင့် institution တွေ အားကောင်းဖို့ အပြန်အလှန် ထိန်းကျောင်းဖို့ဆိုရင် ကျနော်တို့ အောက်ခြေကစပြီး ပြောင်းလဲအောင် မလုပ်ဘဲနဲ့ ဘယ်လိုမှ မရဘူး။”
ပြီးခဲ့တဲ့ ဒုတိယအကြိမ် လွှတ်တော်အစည်းအဝေးတွေမှာ မေးခွန်းပေါင်း ၅၀၆ခု မေးမြန်းခွင့်ရှိပြီးတော့ အဲ့ဒီထဲက ၃၃၇ ခုကိုပဲ သက်ဆိုင် ရာ ဝန်ကြီးတွေက ပြန်လည်ဖြေကြားဆွေးနွေးခဲ့တာပါ။
ဒီဖြေကြားချက် အများစုကလည်း သက်ဆိုင်ရာ ဝန်ကြီးတွေရဲ့ လုပ်နေဆဲ လုပ်ပြီး ဖြစ်တယ်ဆိုတဲ့ ဖြေကြားချက်မျိုးတွေသာ များပြားနေတယ်လို့ သိရပါတယ်။
အခုလို ပြန်လည် ဖြေကြားခဲ့တဲ့မေးခွန်းတွေကတော့ မေးခွန်းပေါင်း ၅၄ ခုပဲ တိကျတဲ့ အဖြေရရှိခဲ့ပြီး ၂၂ ခုကတော့ ပြန်လည် ရုပ်သိမ်းခြင်း ခံခဲ့ရတာ ဖြစ်ပါတယ်။ ဒါ့အပြင် လွှတ်တော်ကိုယ်စားလှယ်တွေက အဆိုပေါင်း ၅၁ ခု တင်သွင်းခဲ့ပေမယ့် အဲဒီထဲက ၁၈ ခုသာ အတည် ပြုနိုင်ခဲ့တာ ဖြစ်ပါတယ်။
No comments:
Post a Comment