Monday, December 26, 2011

နိုင်ငံရေးအကျဉ်းသား အရေအတွက် ကွဲလွဲနေဆဲ

နေသွင်

နိုင်ငံရေး အကျဉ်းသား အရေ အတွက်နဲ့ ပတ်သက် လို့ အစိုးရ မဟုတ်တဲ့ အဖွဲ့ အစည်း တွေရဲ့ ထုတ်ပြန်ချက် တွေမှာ ကွဲလွဲ မှုတွေ ဖြစ်နေ ဆဲပါ။

ထိုင်း-မြန်မာ နယ်စပ် အခြေစိုက် အေအေပီပီ လို့ခေါ်တဲ့ နိုင်ငံရေး အကျဉ်း သားတွေနဲ့ ပတ်သက်လို့ အချက် အလက်တွေ စုဆောင်း တင်ပြ နေတဲ့ အဖွဲ့ရဲ့ နောက်ဆုံး ထုတ်ပြန်ချက် အရ နိုင်ငံရေး အကျဉ်းသား အနည်းဆုံး ၉၁၈ ဦး ရှိနေ တယ်လို့ ဆိုပါတယ်။ အဖွဲ့ရဲ့ အတွင်း ရေးမှူး ဦးတိတ်နိုင်က သူတို့ အဖွဲ့ရဲ့ ဒီကိန်း ဂဏန်းဟာ ခိုင်လုံ တိကျတဲ့ အနည်းဆုံး အရေ အတွက်ဖြစ်ပြီး ဒီထက် ပိုနိုင် တယ်လို့ အခုလို ပြောပါတယ်၊

“သီးသန့် အကျဉ်း သားရှိတယ်။ သာမာန် သီးသန့် အကျဉ်း သားရှိတယ်။ သီးသန့် အကျဉ်း သားရော သာမာန် သီးသန့် အကျဉ်းသား ရောက နိုင်ငံရေးနဲ့ ဆက်စပ်ပြီး ထိမ်းသိမ်း ထားတဲ့ သူတွေ ချည်းပဲ။ ဒါ့အပြင် နိုင်ငံရေးနဲ့ ဆက်စပ် ဖမ်းဆီး ထိန်းသိမ်း ထားတဲ့ အထဲမှာ သာမာန် သီးသန့် အကျဉ်း သားရော မပါတဲ့ သူတွေ ရှိပါ သေးတယ်။ အပြန်ပြန် အလှန်လှန် စိစစ်ပြီးတော့ ဘယ်ထောင်မှာ ဘယ်သူတွေ ရှိတယ်။ ဘယ်ပုဒ်မနဲ့ ဖမ်းထားတယ်။ သူတို့ရဲ့ အချက် အလက် ပြည့်ပြည့်စုံစုံ အတိအကျ ဖြစ်ပြီး တာက ၉၁၈ ယောက်ဆိုတာ ကျနော်တို့ အေအေပီပီက confirm (အတည်ပြု) စာရင်း ဖြစ်ပါတယ်။”

အေအေပီပီက တင်ပြတဲ့ ၉၁၈ ဦးဟာ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ရဲ့ စာရင်းနဲ့ နှစ်ဆလောက် များနေပါတယ်။

အကျဉ်းသားစာရင်းပြုစုတဲ့ အဖွဲ့မှာ ပါတဲ့ ဦးကြည်တိုးက အန်အယ်ဒီ ကိန်းဂဏန်းဟာ နိုင်ငံရေးအကျဉ်းသားတွေကို အကူအညီပေးဖို့ ဖွဲ့ထားတဲ့ အဖွဲ့ချုပ်ရဲ့ လူမှုအထောက်အကူပြုအဖွဲ့ရဲ့ ကိန်းဂဏန်း၊ သက်ဆိုင်ရာ ဒေသအလိုက် ပါတီအဖွဲ့ဝင်တွေက စုဆောင်းပေးပို့တဲ့ အချက်အလက်တွေအပေါ် အခြေခံ ပြုစုထားတာလို့ ပြောပါတယ်။

စာရင်းထဲမှာ အဖွဲ့ချုပ်ဝင်တွေသာမက၊ နိုင်ငံရေးနှင့် ပတ်သက်လို့ အဖမ်းခံထားရသူတွေ အားလုံးကို ပြုစုထားတာလို့ ပြောပါတယ်။

“ထောင်ရှိတဲ့မြို့တွေမှာ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ဝင်တွေဟာ အဖွဲ့ချုပ်ဝင်တွေတင် မဟုတ်ဘဲ ဘယ်သူ့ကိုမဆို ထောင်ဝင်စာလာတဲ့ မိသားစုတွေကို​ ​စောင့်ရှောက်​ ​ဆောင်ရွက်ပေးနေတာတွေ ရှိတယ်။ အဲဒီကနေ သတင်းရတာတွေ ရှိတယ်။ အဓိကကျတဲ့ အချက်က ဗဟိုလူမှု အထောက်အကူပြုဆိုတာ ရှိပါတယ်။ အဲဒီကနေ ထောက်ပံ့ငွေ ပေးနိုင်တာက တဦးကို ၅၀၀၀ ကျပ်ပဲ ပေးနိုင်တယ် ဆိုပေမယ့် အဲဒီကနေ မိသားစုတွေကို ​နွေးနွေးထွေးထွေး​ ​ကြိုဆိုနိုင်တယ်၊​ ​စောင့်ရှောက်နိုင်တယ်၊ သတင်းအချက်အလက် ရတယ်။ အဲဒီအပေါ်မှာ အခြေခံပါတယ်။ နောက် အေအေပီပီကလည်း ယူပါတယ်။ အစိုးရဆီက ရနိုင်သမျှသတင်းကိုလည်း ကျနော်တို့ယူပါတယ်။ ယူပြီးတော့ ကျနော်အပါအ၀င် ပြုစုတာပါပဲ။ ၅၉၁ ယောက်က နောက်ဆုံး အနေအထားမှာ ရှိပါတယ်။”

ဒါပေမယ့် အန်အယ်ဒီရဲ့စာရင်းမှာ လက်လှမ်းမမှီလို့၊ အဖွဲ့ချုပ်ကို လာမဆက်သွယ်တဲ့ နိုင်ငံရေးအကျဉ်းသားတချို့ရှိနိုင်တယ်လို့ ဦးကြည်တိုး က ပြောပါတယ်။

ဒီဇင်ဘာလဆန်းပိုင်းက အမျိုးသားလူ့အခွင့်အရေးကော်မရှင်ကို ဒီဗွီဘီက ဆက်သွယ်မေးမြန်းတဲ့ အခါမှာတော့ ယုံကြည် ချက်ကြောင့် အကျဉ်းကျခံနေရသူ ၃၀၀ ၀န်းကျင်ရှိတယ်လို့ အခိုင်အမာပြောခဲ့ပါတယ်။

ပြီးခဲ့တဲ့အပတ်က တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေနဲ့ ငြိမ်းချမ်းရေး ဆွေးနွေးနေတဲ့ အဖွဲ့ခေါင်းဆောင် ဦးအောင်မင်းက နိုင်ငံရေး အကျဉ်းသား တွေကို ဇန်န၀ါရီလဆန်းမှာ နှစ်သုတ်ခွဲပြီး လွတ်ပေးဖို့ ရှိတယ်လို့ ပြောခဲ့ပါတယ်။

အေအေပီပီ အတွင်း ရေးမှူး ဦးတိတ်နိုင် ကတော့ အစိုးရ အနေနဲ့ နိုင်ငံရေး အကျဉ်း သားတွေ အားလုံးကို ပြန်လွှတ်ပေးမှ အမျိုးသား ပြန်လည် သင့်မြတ်ရေးကို ဦးတည်မယ်လို့ ပြောပါတယ်။

“ချွင်းချက်မရှိ အကုန်လုံး နိုင်ငံရေးနဲ့ ဆက်စပ်ပြီး ဖမ်းဆီးထားတဲ့ လူမှန်သမျှ အကုန်လုံး လွှတ်ပေးလိုက်တယ် ဆိုတာမျိုးက ဒါ တကယ် စစ်မှန်တဲ့ ရင်ကြားစေ့ရေးကို သွားနေတယ်ဆိုတဲ့ ကိစ္စက ကျနော်တို့ တစုံတရာ လက်ခံလို့ ရမှာပါ။ ဖမ်းဆီးထိန်းသိမ်းထားတဲ့ လူတွေ ဆိုတာ ဒီကနေ့ အစိုးရက အရင်တုန်းက အစိုးရပါပဲ။ သူတို့ ဘာကြောင့် ဖမ်းဆီးထိန်းသိမ်းထားသလဲဆိုတာ ကာယံကံရှင်ကိုယ်နှိုက်က သိကို သိရမှာဖြစ်ပါတယ်။”

နိုင်ငံရေးအကျဉ်းသားတွေနဲ့ပတ်သက်လို့တော့ အစိုးရကတော့ မြန်မာပြည်မှာ နိုင်ငံရေး အကျဉ်းသားမရှိဘဲ တည်ဆဲဥပဒေကို ချိုးဖောက် လို့ ဖမ်းဆီးထားသူတွေပဲ ရှိတယ်လို့ ဖြေရှင်းချက်ထုတ်လေ့ရှိပြီး၊ လူ့အခွင့်အရေးလှုပ်ရှားသူတွေကတော့ အဲဒီဥပဒေပုဒ်တွေဟာ လိုရာ ဆွဲဖန် တီးထားတဲ့ ဥပဒေတွေဖြစ်တယ်လို့ ဆိုကြပါတယ်။

No comments: