Tuesday, December 27, 2011

မွန်အမျိုးသားဒီမိုကရေစီအဖွဲ့ လာမည့်ကြားဖြတ်ရွေးကောက်ပွဲမဝင်

လွတ်လပ်သော မွန်သတင်အေဂျင်စီ

မကြာမီ ကျင်းပဖွယ် ရှိ သည့် ကြားဖြတ်ရွေးကောက်ပွဲကို မွန်အမျိုးသားဒီမိုကရေစီအဖွဲ့ (MNDF) ဝင်ပြိုင်မည်မဟုတ်ကြောင်း ဒီဇင်ဘာ ၂၂ ရက်နေ့တွင် ကျင်းပ ခဲ့သည့် ဗဟိုကော်မတီအစည်းအဝေးတွင် ဆုံးဖြတ်ခဲ့ကြသည်။

“ကြားဖြတ်ရွေးကောက်ပွဲကိုတော့ ကျနော်တို့မဝင်ဘူး၊ နောက်ရွေးကောက်ပွဲအတွက်လည်း စဉ်းစားရအုံးမယ်၊ စောင့်ကြည့်ရအုံးမယ်” ဟု မွန်အမျိုးသားဒီမိုကရေစီအဖွဲ့ ဥက္ကဋ္ဌ နိုင်ငွေသိမ်းက ပြောသည်။

မွန်အမျိုးသားဒီမိုကရေစီအဖွဲ့သည် ကြားဖြတ်ရွေးကောက်ပွဲအတွက် ပါတီမှတ်ပုံတင်ရေး မတင်ရေးဆုံးဖြတ်ရန်နှင့် မွန်ပါတီ နှစ်ခုပေါင်း စည်းရေးကိစ္စရပ်များ ဆွေးနွေးရန်အတွက် ယခုလ ၂၂ ရက်နေ့တွင် မော်လမြိုင်မြို့၌ ဗဟိုကော်မတီအစည်းအဝေးကျင်းပခဲ့ခြင်းဖြစ်သည်။

နိုင်ငွေသိမ်းက “တိုင်းရင်းသားခေါင်းဆောင် ဦးခွန်ထွန်းဦးတို့ ဦးစိုင်းညွန့်လွင်တို့လို နိုင်ငံရေးအကျဉ်းသားတွေ မလွတ်သေးတော့ ရွေး ကောက်ပွဲဝင်ဖို့ မစဉ်းစားဘူး၊ နောက်ပြီး အစိုးရသစ်အနေနဲ့ ဘာတွေလုပ်ဆောင်ပေးနိုင်မလဲ၊ သူတို့ရဲ့ လုပ်ဆောင်ချက်အပေါ် ပြန်သုံး သပ်ပြီးမှ ပါတီမှတ်ပုံတင်ဖို့ စဉ်းစားမယ်”

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLDမှတ်ပုံတင်ပြီး ရွေးကောက်ပွဲဝင်မည်ဟု ဆုံးဖြတ်ချက်ချခဲ့ပြီးနောက် မွန်အမျိုးသားဒီမိုကရေစီအဖွဲ့ MNDF သည်လည်း ပါတီကို ပြန်လည်ဖွဲ့စည်းခဲ့ပြီး ပါတီဝင်အင်အားကိုလည်း ပြန်လည်ပြင်ဆင်ဖွဲ့စည်းခဲ့သည်။

မွန်မျိုးသားဒီမိုကရေစီအဖွဲ့ကို ၁၉၈၈ ခုနှစ်၊ အောက်တိုဘာလ ၁၁ ရက်နေ့တွင်စတင်ဖွဲ့စည်းခဲ့ပြီး၊ ၁၉၉၀ ရွေးကောက်ပွဲတွင် ကိုယ်စား လှယ် ၁၉ ဦး ဝင်ပြိုင်ခဲ့ရာ အမတ် ၅ နေရာအနိုင်ရရှိခဲ့ရာ ၁၉၉၂ ခုနှစ်တွင်တရားဝင်ပါတီမှ ရပ်စဲခြင်းခံလိုက်ရသည်။

No comments: