နော်နိုရင်း
အခုနှစ် ဇွန်လ ကစပြီး ကေအိုင် အေနဲ့ မြန်မာ အစိုးရ ဖြစ်ပွား ခဲ့တဲ့ တိုက်ပွဲတွေ အတွင်းမှာ ကချင် လွတ်မြောက်ရေး အဖွဲ့ (ကေအိုင်အို) ရဲ့ တပ်စခန်း ၆ ခုကို အစိုးရ တပ်တွေက သိမ်းယူခဲ့ တယ်လို့ ကေအိုင်အိုက ပြောပါတယ်။
ကေအိုင်အို ပြောခွင့်ရ ဦးလနန်းက “သိမ်းပိုက် လိုက်တဲ့ စခန်းတွေ ကတော့ တပ်မဟာ ၄ ဘက်မှာ စခန်းက ၃ ခု လောက်ပါမယ်။ တပ်မဟာ ၃ ဘက်မှာ ၃ ခု လောက်ပါမယ်။ အားလုံး ၆ ခု လောက်ရှိမယ်။ သူတို့ ကလည်း အဲဒီစခန်း တခုကို ဝင်နိုင်ဖို့ အတွက် အနည်းဆုံး ၁၀၀ ပတ်ဝန်း ကျင်တော့ အသက်စွန့် ရတယ်ဗျ။”
အခုလ ၂၄ ရက်နေ့ ကစပြီး ရှမ်းပြည်နယ် မိုင်းတုံမြို့ မှာရှိတဲ့ ကေအိုင်အို တပ်မဟာ ၄ လက်အောက်ခံ တပ်ရင်း ၈ စခန်းကို အစိုးရက အင်အား ၃၀၀ လောက်နဲ့ ထိုးစစ် ဆင်တိုက်ခိုက် ခဲ့တဲ့ အတွက် ၂၈ ရက် နေ့မှာ ဖယ်ပေး လိုက်ရ တယ်လို့ ဆိုပါတယ်။
အစိုးရတပ်တွေက တပ်ရင်း ၈ ကို ထိုးစစ်ဆင် တိုက်ခိုက်ရတဲ့ အကြောင်းအရင်းနဲ့ ပတ်သက်လို့ ဦးလနန်းက အခုလို ပြောပါတယ်။
“သူတို့ ထိုးစစ်ဆင်တဲ့ ကိစ္စတခုကတော့ သဘာဝပိုက်လိုင်းကလည်း အဲဒီလမ်းကြောင်းမှာ ဖြတ်သွားဖို့ရှိတယ်ခင်ဗျ။ ရေနံပိုက်လိုင်းပေါ့နော်။ အဲဒီကိစ္စကလည်း ပါမယ်ထင်တယ်။ စစ်ဆင်ရေး လုပ်ထားတာ။ သူတို့ ပြောနေတာ စစ်မှန်တဲ့ ပြည်ထောင်စုလို့လည်း ပြောနေတယ်။ အစိုးရအနေနဲ့ နိုင်ငံရေး ရည်ရွယ်ချက်မှာ စစ်မှန်တဲ့ ပြည်ထောင်စုဆိုတာလည်း ရှိပုံမရဘူး။ အဲဒီအချက်တွေကြောင့်ပဲ သူတို့ ကေအိုင်အေကို ပျက်သုဉ်းသွားအောင် ထိုးစစ်ဆင်တဲ့သဘောလို့ မှတ်ယူလို့ ရတယ်။”
ကေအိုင်အိုနဲ့ အစိုးရတပ်အကြား ဒီဇင်ဘာလဆန်းပိုင်းမှာ ကချင်ပြည်နယ် ဗန်းမော်၊ ဝိုင်းမော်၊ မိုးမောက်နဲ့ ရှမ်းပြည်နယ် မိုင်းတုံမြို့နယ်ဒေသ တွေမှာ နေ့စဉ်ဆိုသလို တိုက်ပွဲဖြစ်ပွားနေပြီး မနေ့တုန်းကလည်း တိုက်ပွဲ ၇ ခု ဖြစ်ပွားတယ်လို့ ကေအိုင်အိုက ပြောပါတယ်။
အစိုးရရဲ့ ပြည်ထောင်စုအဆင့် ငြိမ်းချမ်းရေးအဖွဲ့က တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့တွေနဲ့ ငြိမ်းချမ်းရေး ဆွေးနွေးမှုတွေ ဆက်တိုက် ပြုလုပ်နေချိန်မှာ ကေအိုင်အိုနဲ့ တိုက်ပွဲတွေ ဖြစ်ပွားနေတာပါ။
ကချင်ပြည်နယ်မှာ တိုက်ပွဲတွေကို ရပ်ထားဖို့ သမ္မတ ဦးသိန်းစိန်က ဒီဇင်ဘာ ၁ဝ ရက်နေ့ကတည်းက ကာကွယ်ရေး ဦးစီးချုပ်ရုံးကို ညွှန်ကြားထားတဲ့ကြားက တိုက်ပွဲတွေ ဆက်ဖြစ်နေတာပါ။
အစိုးရ ငြိမ်းချမ်းရေးအဖွဲ့တွေနဲ့ ကေအိုင်အိုတို့အကြား ပြီးခဲ့တဲ့ နိုဝင်ဘာလကုန်ပိုင်းက တရုတ်နိုင်ငံမှာ နောက်ဆုံး တွေ့ဆုံခဲ့ပေမယ့် အပစ်ရပ်ရေး အတွက် အဖြေတစုံတရာ မရရှိခဲ့ပါ။
No comments:
Post a Comment