Wednesday, December 28, 2011

'ခွေးကို အဖေခေါ်တဲ့သူ' တရားဟော ဒယ်အိုးဆရာတော် တနှစ်ပိတ်ခံရ

မျိုးသန့်

ဗုဒ္ဓ ဘာသာ ရဟန်း သံဃာ တော်များကို တရား ဟောပြောခွင့် ပိတ်ပင် ခြင်းသည် ဗုဒ္ဓဘာသာ တရားတော် များအရ အလွန် အပြစ်ကြီး မားကြောင်း ‘ခွေးကို အဖေ ခေါ်တဲ့သူ’ တရား တော်တွင် ထည့်သွင်း ဟောပြော ခဲ့သည့် ရန်ကုန်တိုင်း မှော်ဘီ မင်္ဂလာ ကျောင်းတိုက်မှ ဓမ္မကထိက ဆရာတော် ဦးသုမင်္ဂလ အား နိုင်ငံတော် သံဃာ့ မဟာ နာယက အဖွဲ့မှ တရား ဟောပြောခွင့် တနှစ် ပိတ်ပင် လိုက်သည်။

ဘုရားဟော ဝတ္ထု တပုဒ်ဖြစ် သည့် ‘သုဘ ဝတ္ထု’ တွင် သုဘ၏ ဖခင်ဖြစ်သူ တောဒေယျ ပုဏ္ဏားမှာ အလှူ အတန်းတွင် အလွန် နှမျော တွန့်တို တတ်ခြင်းကြောင့် ကွယ်လွန် သည့်အခါ သားဖြစ်သူ သုဘ၏ အိမ်တွင် ခွေးပြန်ဖြစ် သည်ကို ခိုင်းနှိုင်းကာ တရားပွဲများ ပိတ်ပင်သည့် ပုဂ္ဂိုလ်များ သည်လည်း ထိုသို့ဖြစ် နိုင်ကြောင်း ‘ခွေးကို အဖေ ခေါ်တဲ့သူ’ တရားတွင် ထည့်သွင်း ဟောကြား ခဲ့ခြင်းကြောင့် တရားပွဲ ပိတ် ပင် ခံရခြင်းဟု ဒယ်အိုး ဆရာတော်ဟု လူသိ များသည့် ဆရာတော် ဦးသုမင်္ဂလက မဇ္ဈိမကို အမိန့်ရှိသည်။

"သာမန် အလှူ အတန်း ပိတ်တာ တောင်မှ ခွေးဖြစ်တယ်။ အခု တရားပွဲတွေ ပိတ်တဲ့အလုပ်က အလွန် အပြစ်ကြီး တဲ့ အလုပ်။ မလုပ်သင့် တဲ့ အလုပ် တရားပွဲ တွေကို ပိတ်ပင် နေတာ တားမြစ် နေတာ အဲဒီတော့ အဲဒါက ခွေးထက် ဆိုးတဲ့ အပြစ်ဖြစ် လိမ့်မယ်။ အဲဒါ စိုးရိမ်လို့ သနားလို့ ပြောတာ၊ မမှားရ အောင်ပြော တာဆိုပြီး ထည့်ပြော လိုက်တယ်။ တရားပွဲကို ဘယ်သူ ပိတ်တယ်၊ ဘယ်ဝါ ပိတ်တယ်လို့ ဘယ် အစိုးရ ဘယ် အဖွဲ့ အစည်း ကိုမှ ထည့်ပြော မထားဘူး။ မပြောထား ပေမယ့် အဲဒီလို သူတို့ ဟာသူတို့ ကောက်ချက် ဆွဲသွား တာတော့ ငါလည်း မတတ်နိုင် ဘူးကွာ။" ဟု ဆရာတော်က မိန့်သည်။

ဤတရားကို ဆရာတော်က ၃ဝ၊ ၁ဝ၊ ၂ဝ၁၁ ရက်နေ့တွင် ရန်ကုန်တိုင်း၊ တိုက်ကြီးမြို့နယ် ရှမ်းစု ရပ်ကွက်၊ အောင်ချမ်းသာ ဘုန်းတော်ကြီး
ကျောင်းဝင်းအတွင်း ကျင်းပသော ဓမ္မသဘင်၌ ဟောပြောခဲ့ခြင်း ဖြစ်သည်။

ဆရာတော်၏ ဟောပြောချက်အား ပြည်ထဲရေးဝန်ကြီးဌာနမှ သမ္မတရုံးသို့တင်ပြခဲ့ရာမှ ဒီဇင်္ဘာ ၉ ရက်နေ့က ကျင်းပသော မဟန အစည်း အဝေးမှ ဆုံးဖြတ်ချက် ချ၍ တရား ဟောခွင့် ပိတ်ပင်လိုက်ခြင်း ဖြစ်သည်။

မဟန မှ ဒယ်အိုးဆရာတော်သို့ ပေးပို့သည့် တရားဟောခွင့် ပိတ်ပင်သည့် လျှောက်ထား ပန်ကြားလွှာတွင် ၂ဝ၁၁ ဒီဇင်္ဘာ ၉ ရက်နေ့မှ ၂ဝ၁၂ ခုနှစ် ဒီဇင်ဘာလ ၈ ရက်နေ့အထိ မြန်မာတနိုင်ငံလုံး တနှစ်တိတိ တရားဟောခွင့် မပြုဟုဖေါ်ပြပါရှိသည်။

အဆိုပါစာတွင် "ထေရဝါဒ ပိဋိကတ်တော်နှင့် မညီညွတ်သော စာသားများကို ထည့်သွင်းဟောကြားသောကြောင့် လည်းကောင်း၊ အာဏာ ပိုင်အဖွဲ့အစည်း အဆင့်ဆင့်တို့ကို ထိပါးပုတ်ခတ်သောကြောင့်လည်းကောင်း" တရားဟောခွင့် ပိတ်ပင်ခြင်းဟုလည်း ဖေါ်ပြပါရှိသည်။

သို့သော် ဒယ်အိုးဆရာတော်ကမူ သူ့တရားနှင့် ပတ်သက်၍ "သုဘ ဝတ္ထုကို ခေါင်းစဉ်ပြောင်းထားတာပဲရှိတယ်။ ဘုရားဟောအတိုင်း တလုံးမှ မလွဲဘူး။" ဟု မဇ္ဈိမကို ဆက်လက် မိန့်ကြားသည်။

ဒယ်အိုးဆရာတော်သည် မြန်မာနိုင်ငံအတွင်းရှိ ပရဟိတ လုပ်ငန်းများ လုပ်ဆောင်နေသည့် အသင်းအဖွဲ့များကို ဖိတ်ခေါ်ကာ “ စုံနံ့သာမြိုင် ပရဟိတ အသင်းအဖွဲ့များ နှီးနှောဖလှယ်ပွဲ” ကို စက်တင်ဘာလ နှစ်ရက်နေ့နှင့် သုံးရက်နေ့များ က ကျင်းပခဲ့သေးရာ မဟန သို့ ကြိုတင်လျှောက်ထား ခွင့်ပြုချက် မယူခြင်းကြောင့် ခေါ်ယူ သတိပေးခံခဲ့ရသေးသည်။

‘အပယ်ငရဲ ရောက်မည်’ ဆိုသည်ကို ‘ဒယ်အိုး ရောက်သွားမယ်’ဟု သုံးနှုန်း ဟောပြောလေ့ရှိသဖြင့် ဆရာတော် ဦးသုမင်္ဂလအား ‘ဒယ်အိုး ဆရာတော်’ တွင်နေ ရခြင်း ဖြစ်သည်။

ယင်းအပြင် ရွှေညဝါဆရာတော်ဟု ထင်ရှားသည့် ကြည့်မြင်တိုင် သာဓုပရိယတ္တိကျောင်းတိုက်၏ အုပ်ချုပ်စီမံ ပညာရေးတာဝန်ခံ တိုက်ကြပ် ဆရာတော် ဦးပညာ သီဟကိုလည်း ယခုနှစ် ဖေဖေါ်ဝါရီ လမှစ၍ ၂၀၁၂ ခုနှစ် ဖေဖေါ်ဝါရီလ အထိ မဟနမှ တရား ဟောခွင့် ပိတ်ပင်ခဲ့ သေးသည်။

အဆိုပါ တားမြစ်မှု အပြီး ရွှေညဝါ ဆရာတော်မှာ မန္တလေးတိုင်း အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် NLD ရုံးတွင် ကမ္ဘာ့ ဒီမို ကရေစီ နေ့က တရားဟော ခဲ့သည့် အတွက် သီတင်းသုံးရာ သာဓုပရိယတ္တိ ကျောင်းတိုက်မှ ဖယ်ရှားရန် မဟနမှ ဒီဇင်ဘာလ ၁၂ ရက်နေ့က စာပေးပို့ ညွှန်ကြား ခဲ့သည်။

ထိုဖြစ်ရပ်နှင့် ပတ်သက်၍ ဒယ်အိုးဆရာတော်က "သာသနာ သိက္ခာကျတယ်ကွာ၊ နောက်ပြီးတော့ တကယ်ဆိုရင် သံဃာတော်တွေဟာ သာသနာတော်ကို ဝိုင်းဝန်း စောင့်ရှောက်ကြရမှာကိုးကွ။ တကယ်လို့ မှားနေတယ် ဆိုရင်တောင်မှ သံဃာ့နာယက က ခေါ်ယူပြီး ဆုံး မခြင်း၊ လမ်းညွှန်ပေးခြင်း၊ သတိပေးခြင်း၊ တည့်မတ်ပေးခြင်းသာ ပြုသင့်တယ်။ ဒို့ အကျိုးဆောင်နေတဲ့ ပုဂ္ဂိုလ်တွေကိုတောင် နှောက် ယှက်နေ တယ်ဆိုရင် ဒီသာသနာ အတွက်က မကောင်းဘူး။" ဟု မဇ္ဈိမကို ဆက်လက် မိန့်ကြားသည်။

ရွှေညဝါဆရာတော်က မဟနထံသို့ "သာဓုကျောင်းတိုက်တွင် ဆက်လက် သီတင်းသုံးခွင့်ပြုရန်နှင့် သာသနာပြု လုပ်ငန်းများ လုပ်ကိုင် ခွင့်ပြုရန် ယခုလ ၁၆ ရက်နေ့တွင် အသနားခံစာ ပြန်လည်ပေးပို့ခဲ့သည်။ သို့သော် အဆိုပါ အသနားခံစာနှင့် ပတ်သက်၍ မဟန ထံမှ ပြန်ကြားချက် တစုံတရာ မရှိသေးဟုလည်း သိရသည်။

No comments: