Friday, December 30, 2011

ဒေါ်အောင်ဆန်းစုကြည် မီးဘေးသင့်သူများထံ သွားရောက်

ဧရာဝတီ on December 30, 2011


မြန်မာ့ ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်း စုကြည် သည် ယနေ့ နံနက် ၁၁ နာရီခန့်က ရန်ကုန်မြို့ မင်္ဂလာ တောင်ညွှန့် မြို့နယ် ကူးတို့ဆိပ် ရပ်ကွက်မှ မီးဘေး ဒုက္ခသည် များရှိရာ မဟာဝိဇယ ဘုန်းကြီး ကျောင်းတိုက် သို့ သွားရောက်၍ အားပေး ကူညီသည်။

ဒုက္ခသည် ၁၀၀၀ ကျော်ရှိသည့်အနက် အထက ၇ မင်္ဂလာတောင်ညွန့်နှင့် မဟာဝိဇယ ကျောင်း အပါအ၀င် အုပ်စုများခွဲထားရာ ဒုက္ခသည် ၁၀၀ ခန့်ရှိသည့် မဟာဝိဇယ ကျောင်းတိုက်သို့ ဒေါ်အောင်ဆန်းစုကြည်က လာရောက်အားပေးခဲ့ခြင်းဖြစ်သည်ဟု အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်(NLD) ပြန်ကြားရေးအဖွဲ့ဝင် တဦးက ပြောသည်။

“ဒေါ်အောင်ဆန်းစုကြည်က မီးဘေးသင့်တဲ့သူတွေကို အဓိက အားပေးစကားပြောတယ်။ စိတ်ဓာတ်မကျဖို့၊ အားလုံးဝိုင်းပြီး ကူညီ မယ်ဆိုတာလည်း ပြောတယ်။ ပြန်လည်ထူထောင်ရေးအတွက် NLDကလည်း ကူညီမယ်ဆိုတာလည်း ပြောတယ်”ဟု ၎င်းက ပြော ဆိုသည်။

ဒေါ်အောင်ဆန်းစုကြည် ရောက်ရှိလာချိန်တွင် ဒုက္ခသည်များက ၀မ်းသာအားရကြိုဆိုခဲ့ကြပြီး ဒေါ်အောင်ဆန်းစုကြည်ကလည်း
ဒုက္ခ သည်များကို တဦးချင်းစီ လိုက်လံအားပေးခဲ့သည်ဟုလည်း ဆိုသည်။

မီးဘေး ဒုက္ခသည်တဦး က“အဆိုးထဲက အကောင်း။ အမေစုလာအားပေးတာ ကျေးဇူးအရမ်းတင်တယ်။ ကျနော်တို့ကို အမေစု ပစ် မထားတာသိရတာ ၀မ်း သာ တယ်။ အားလုံးကလည်း အရမ်းကူညီကြတယ်။ ပြည်သူတွေရော၊ အဖွဲ့အစည်းပေါင်းစုံက ကူညီကြ တယ်”ဟု ပြောသည်။

မီးဘေး ဒုက္ခသည်များအတွက် NLD က ဆေးခန်းဖွင့်လှစ်ပေးပြီး ကူညီကယ်ဆယ်ရေး လုပ်ငန်းများလည်း လုပ်ဆောင်ပေး လျက်ရှိ ကြောင်း သိရသည်။

မီးဘေး ဒုက္ခသည် အများ စုက စားနပ် ရိက္ခာ၊ အ၀တ် အထည်နှင့် အကူအညီ များစွာ ရရှိ သော်လည်း နေအိမ်များ ပြန်လည် တည် ဆောက် ရေးနှင့် မူလ နေရာတွင် ပြန်လည် နေရာ ချထား ပေး၊ မပေး စောင့်ဆိုင်း နေကြကြောင်း၊ ဒုက္ခသည် အများစုမှာ မူလ နေ အိမ် များကို ပြန်လည် ပြုပြင် ဆောက်လုပ် နေလိုကြ ကြောင်း ဒုက္ခသည် များက ပြောဆိုသည်။

“ပေါက်ကွဲမှုကြောင့် ခဲတွေ၊ ကွန်ကရစ်တွေလွင့်ပြီး အိမ်တွေက ပြိုကုန်တာ။ တချို့အိမ်တွေလည်း မီးလောင် ကုန်တယ်။ အားလုံးက မူလနေအိမ်လေးတွေမှာပဲ ပြန်နေချင်ကြတယ်။ ဒါပေမယ့် အစိုးရဘက်က ဘယ်လို လုပ်ပေးမလဲမသိဘူး။ နေရာရွှေ့ခိုင်းပြီး၊ မြို့စွန် ဘက်မှာ နေရာပြန်ပေးမှာလား၊ ဘာလား ရှင်းရှင်းလင်းလင်း မသိသေးဘူး။ မူလနေရာပြန်မပေးဘဲ သိမ်းလိုက်မယ်ဆိုရင်တော့ အားလုံး ပိုဒုက္ခရောက်ကြမှာ”ဟု ကူးတို့ဆိပ် ရပ်ကွက်မှ ရပ်ကွက် အုပ်ချုပ်ရေးအဖွဲ့ဝင် တဦးက ဆိုသည်။

မီးဘေးသင့်သူ အများစုမှာ အိမ်ဂ ရန်ပိုင် မရှိကြ သူများ ဖြစ်ကြောင်း သိရသည်။

ဒီဇင်ဘာ ၂၉ ရက်နေ့ နံနက်၂ နာရီဝန်းကျင်တွင် ဖြစ်ပွားခဲ့သော မင်္ဂလာတောင်ညွှန့်မြို့နယ် ကူးတို့ဆိပ်ရပ်ကွက် မေတ္တာမွန် ၀င်း ဂိုဒေါင်များ မီးလောင်ပေါက်ကွဲမှုကြောင့် မီးသတ်တပ်ဖွဲ့ဝင်များ အပါအ၀င် စုစုပေါင်း ၁၇ ဦးသေဆုံးကာ ၉၁ ဦး ဒဏ်ရာရရှိခဲ့သည်။

မီးလောင်မှုကြောင့် ဂိုဒေါင် ၁၆ လုံး၊ အိမ်ခြေ ၂၂၆ လုံး ပျက်စီးသွားခဲ့ပြီး မိသားစုပေါင်း ၂၁၆ စု လူဦးရေ စုစုပေါင်း ၁၀၃၈ ဦး အိုးမဲ့ အိမ်မဲ့ဖြစ်ခဲ့ကာ ဆုံးရှုံးမှုတန်ဖိုး ကျပ် သိန်းတထောင်ကျော်သာ ရှိသည်ဟု ယမန်နေ့က မီးသတ် ဦးစီးဌာနက သတင်းထုတ်ပြန် သည်။

ယနေ့ထုတ် အစိုးရ သတင်းစာများ၌ မီးလောင်ပေါက်ကွဲမှုကြောင့် ၁၇ ဦး သေဆုံး၍ ၈၃ ဦး ဒဏ်ရာရရှိကြောင်း၊ အိမ်ထောင်စု ၁၄၀ ကို ယာယီ ကယ်ဆယ်ရေး စခန်းများ၌ နေရာချထားပေးပြီး လိုအပ် သည်များကို သက်ဆိုင်ရာ တာဝန် ရှိသူ များက ကူညီ ပံ့ပိုးပေး ကြောင်း ဖော်ပြ ထားသည်။

No comments: