Sunday, December 25, 2011

ဒေါ်အောင်ဆန်းစုကြည် ဂီတလောကသားများ​နှင့် ထပ်မံ​တွေ့ဆုံ

ဒီဗွီဘီ

ဒေါ်အောင်ဆန်းစုကြည်နှင့် ဂီတလောကသားတွေ တက္ကသိုလ်ရိပ်သာလမ်းက နေအိမ်မှာ ဒီနေ့ နေ့လည်ပိုင်းမှာ ထပ်မံ တွေ့ဆုံကြပါတယ်။

တိုင်းရင်းသားဒေသက ကလေးတွေပညာရေး ရန်ပုံငွေအတွက် ဂီတပွဲတော်ကို သောကြာနေ့က ခွင့်ပြုမိန့် ရသွားတဲ့နောက် တွေ့ဆုံကြတာပါ။

ဆယ်စုနှစ်တွေအတွင်းမှာ အကြီးဆုံးပွဲဖြစ်မယ့် ဒီဂီတပွဲတော်ကို နဂိုက ဒီဇင်ဘာ ၁၅ ရက်နေ့ သုဝဏ်ဏအားကစားကွင်းမှာ ကျင်းပဖို့ စီစဉ်ပြီးမှ ခွင့်ပြုမိန့်မရလို့ ရက်ရွှေ့ဆိုင်းထားရာကနေ ဒီလ ၃၀ ရက်နေ့မှာ ကျင်းပဖို့ ခွင့်ပြုမိန့်ရတာ ဖြစ်ပါတယ်။

ဒါပေမယ့် သုဝဏ်ဏကွင်းမှာ မဟုတ်ဘဲ မြန်မာကွန်ဗင်းရှင်းစင်တာ (MCC) မှာ ကျင်းပဖို့ စီစဉ်နေတာဖြစ်ပြီး၊ နာမည်ကြီး အဆိုတော် ၅၀ ကျော်နဲ့ နာမည်ကြီးတီးဝိုင်း တဒါဇင်လောက်က သီဆို တီးခတ်ကြမယ်လို့ သိရပါတယ်။

နိုဝင်ဘာလကုန်ပိုင်းက အလားတူ တွေ့ဆုံခဲ့ပြီး အခုတွေ့ဆုံမှုဟာ ဒုတိယအကြိမ် ဖြစ်ပါတယ်။ ဒီတကြိမ်တွေ့ဆုံမှုဟာ ပထမအကြိမ်ထက် ပိုပြီး ဂီတအနုပညာရှင် တော်တော်များများ လာကြတယ်လို့ ကိုဆောင်းဦးလှိုင်က ပြောပါတယ်။

“အရင်တခေါက်ထက် လူများတယ်။ ကိုဇော်ဝင်းထွဋ်၊ ဖြိုးကြီး၊ နေနေ၊ ဖြူဖြူကျော်သိန်း၊ အများကြီးပဲလာတယ်။ တီးဝိုင်းအဖွဲ့တွေလည်း အများကြီးလာတယ်။ Metalzone ၊ Lazy Club ၊The tree၊ Emperor၊ Plus 3 တီးဝိုင်းအဖွဲ့တွေလည်း အကုန်လာကြတယ်။ တော်တော်များများ လာကြတယ်။”

တိုင်းရင်းသားဒေသက ကလေးငယ်တွေရဲ့ ပညာရေးရန်ပုံငွေရှာဖွေတဲ့အနေနဲ့ အခုလို ဂီတအနုပညာရှင်တွေ အစုံအညီဖျော်ဖြေတဲ့ ပွဲမျိုး မြန်မာပြည်မှာ ဒါပထမဆုံး အကြိမ် ဖြစ်ပါတယ်။

ဒီအတောအတွင်းမှာပဲ ဒေါ်အောင်ဆန်းစုကြည်ရဲ့ အကြံပြုချက်နဲ့ အဆိုတော်ပေါင်းစုံ စုပေါင်းသီဆိုထားတဲ့ မျိုးချစ်စိတ်ဓာတ် ထက်သန်း ရေး တေးအယ်ဘမ်တခုကိုလည်း စီစဉ်နေတယ်လို့ သိရပါတယ်။

No comments: