Tuesday, June 12, 2012

ရခိုင်ရှိ ဒုက္ခသည်များ အကူအညီ လိုအပ်နေ

ခင်ဦးသာ

ရခိုင်ပြည်နယ် အတွင်း လတ်တလော ဖြစ်ပွားနေသည့် ပဋိပက္ခများကြောင့် အိုးအိမ်မဲ့ ဒုက္ခသည် ၁၀၀၀၀ ကျော် အတွက် အရေးပေါ် အစား အသောက် အကူအညီများ လိုအပ်နေကြောင်း သိရသည်။

စစ်တွေမြို့၌ ဒုက္ခသည် ဦးရေ ၈၅၀၀ ကျော် အပြင် မောင်တောတွင် ၅၀၀၀ ကျော်ရှိကြောင်း၊ ဘူးသီးတောင် မြို့တွင်လည်း ဒုက္ခသည်များ ရှိ ကြောင်း အကူအညီပေးနေသူများက ပြောပြသည်။

စစ်တွေမြို့ပေါ်ရှိ ဘုန်းကြီးကျောင်းများ၊ ဓမ္မာရုံ၊ စာသင်ကျောင်းအပါအ၀င် စုစုပေါင်း ဒုက္ခသည် စခန်း ၃၄ ခုတွင် လက်ရှိ လူဦး ရေ ၈၅၀၀ ကျော် ရှိရာ နောက်ထပ် တိုးလာနိုင်ဖွယ် ရှိကြောင်း၊ ထို ဒုက္ခသည်များ အတွက် အစားအသောက် အရေးတကြီး လိုအပ်နေကြောင်း ရခိုင် တိုင်းရင်းသားများ တိုးတက်ရေး ပါတီ(RNDP) ၏ ပြောခွင့်ရသူ ဦးခိုင်ပြည်စိုး ကလည်း ပြောသည်။

“ထမင်းစားဖို့ ဆန်အဓိက လိုအပ်နေတယ်၊ ဒုက္ခသည် စခန်းတွေမှာ ၂ ရက်စာ စားဖို့လောက်ပဲ ရှိတော့တယ်၊ နေရာ တချို့မှာ တော့ ဒေသခံ တွေက ထမင်းထုပ်တွေ လာပို့ပေးကြပါတယ်”ဟု ၎င်းက ဆိုသည်။

စေတနာ့ အလှူရှင် တချို့က လှူဒါန်းမှုများ ရှိနေသည့်တိုင် ဒုက္ခသည် ဦးရေများသောကြောင့် လုံလောက်မှု မရှိကြောင်း၊ ပြည် နယ် အစိုးရ ထံသို့လည်း အကူအညီ တောင်းခံထားကြောင်း သိရသည်။

စစ်တွေမြို့ပေါ်ရှိ ရပ်ကွက်၊ ကျေးရွာ အများအပြား မီးရှို့ဖျက်ဆီး ခံလိုက်သည့်အတွက် အိုးအိမ်မဲ့ ဖြစ်သွားသည့် ဒုက္ခသည်များ အပြင် တချို့သော ဒေသခံများသည်လည်း မိမိတို့ နေရပ်ကို စွန့်ခွာ ထွက်ပြေးလာကြသည့် အတွက် ဒုက္ခသည် ဦးရေ တိုးပွားလာနေကြောင်း ဦးခိုင် ပြည် စိုးက ဆက်ပြောသည်။

မောင်တောမြို့တွင်လည်း အလိုတော်ပြည့်ကျောင်း၊ ဗဟိုကျောင်း၊ အောင်မြေ ဗောဓိ၊ ပရဟိတ ကျောင်း၊ ရဲတပ်ရင်း၂ တို့ကို ဒုက္ခသည် စခန်း ဖွင့်လှစ်ထားရာ ဒုက္ခသည် ၅၀၀၀ ၀န်းကျင်ရှိကြောင်း အလို တော်ပြည့်ကျောင်းမှ ဆရာတော်တပါးက မိန့်ကြား သည်။ ဘူးသီးတောင် အမှတ် ၁ အလယ်တန်းကျောင်းကိုလည်း ဒုက္ခသည် စခန်းဖွင့်ထားကြောင်း သိရသည်။

အလားတူ မောင်တောမြို့နယ် အနီး တ၀ိုက် ရှိ ငါးခူရ ၊ အလယ်သံ ကျော်၊ မင်းတပ် စသည့် ကျေးရွာများ၏ ဘုန်းကြီးကျောင်း တို့တွင်လည်း ခိုလှုံနေသည့် ဒုက္ခသည်များ ရှိပြီး ၎င်းတို့အတွက် အထောက် အပံ့များ လိုအပ်နေကြောင်း သိရသည်။

“မောင်တော မြို့ပေါ်က စခန်းတွေမှာ အစားအသောက် လုံလောက်မှု ရှိပါသေးတယ်၊ အလှုရှင်တွေ၊ နိုင်ငံတော် ကလည်းပဲ ထောက်ပံ့ ပေး ထား ပါတယ်”ဟု အလိုတော်ပြည့်ကျောင်းမှ ဆရာတော် က မိန့်သည်။

မောင်တောမြို့နှင့်ဘူးသီးတောင်ရှိ စခန်း ၆ ခုတွင် အိမ်ထောင်စု ၉၄၂ စု၊ လူဦးရေ စုစုပေါင်း ၄၁၅၄ တို့အတွက် ကာကွယ်ရေးဦးစီးချုပ်ရုံး (ကြည်း) မှ ဆန် ၁၅၉ အိတ်၊ ဆီ ၁၆၅ ပိဿာ နှင့် ဆား ၁၆၅ ပိဿာ ပေးပို့ လှူဒါန်းထားကြောင်း ယနေ့ထုတ် အစိုးရ သတင်းစာများ၌ ဖော်ပြထားသည်။

ရခိုင်ပြည်နယ်တွင် ဖြစ်ပွားနေသည့် ပဋိပက္ခများကြောင့် နေအိမ်များ၊ ပစ္စည်း ဥစ္စာများ ပျက်စီး ဆုံးရှုံးခဲ့ရသည့် ဒေသခံပြည် သူ များအတွက် အစားအသောက်၊ အ၀တ်အထည် စသည့် ပစ္စည်းများ၊ ငွေကြေး များ ပါဝင်လှူဒါန်းကြရန်လည်း သတင်းစာများတွင် ပါရှိသည်။

No comments: