Wednesday, June 6, 2012

သျှမ်းပြည်မြောက်ပိုင်း ကျေးလက်တောရွာများ၌ ယာဘကို မုန့်ဝယ်သလို ဝယ်ယူ သုံးစွဲ နေကြ

သျှမ်းသံတော်ဆင့်

သျှမ်းပြည်မြောက်ပိုင်း မန့်တုန့်မြို့နယ်၌လည်း ယာဘ မူးယစ်ဆေးကို ဆယ်ကျော်သက်အရွယ် လူငယ် မှအစ ဘုန်းတော်ကြီးများ အမျိုး သမီး များပါမကျန် ဖောဖောသီသီဝယ်ယူသုံးစွဲနေကြကြောင်း မန့်တုန့် ဒေသခံများကပြောသည်။

“ အခု ယာဘတွေ မှိုလိုပေါက်နေတာက မန့်တုန့်မြို့နယ် မုံးမော်အုပ်စုမှာ ပါ။ လူတွေက ယာဘကို နေကြာစေ့ ဝယ်စားသလို လွယ်လွယ်ကူကူနဲ့ဝယ်နေကြတယ်။ စိတ်မ ချမ်းသာစရာဗျာ ၁၂ နှစ်သား ကအစ အိုကြီးအိုမတွေလဲ သုံးကြတယ်။ ရွာသားတွေကတော့ အလုပ်ဖြစ်ဖို့အရေးဘဲ သိ ကြတာကိုး။ ယာဘသုံးရင် အလုပ်တွင်တယ်လို့ဘဲ သိကြတယ်လေ” မန့်တုန့်ဒေသခံ စိုင်းခမ်းကပြောသည်။

အဆိုပါယာဘများကို လားရှိုးမြို့ကောင်းခါးအခြေစိုက် KDA ပြည်သူ့စစ်က စတင်သယ်ယူရောင်းချပြီး ယခုအခါ ဒေသခံများ ကုန်သည်များ ပါ မကျန် သယ်ယူ ရောင်းချ သဖြင့် ပေါများ လာကြောင်း မန့်တုန့်မြို့နယ်မှ ကျန်းမာရေး ဝန်ထမ်းတဦးကပြောသည်။

“အဲဒီယာဘတွေကို မိုင်းယု၊ မိုင်းဝီး၊ ကွတ်ခိုင်ဘက်ကနေ သယ်လာတယ်။ ယာဘ ၄ မျိုးရှိတယ်။ ZY စာတန်းပါ ယာဘက တပြား ၁၀၀၀ ပေးရ တယ်။ WY စာတန်း ၁၂၅၀၊ WY1 က ၁၅၀၀၊ 881 က ၂၀၀၀ ကျပ်။ လူတွေက အလုပ်လုပ်နိုင်ဖို့ဘဲစဉ်းစားတယ်။ ဆိုးကျိုးက ဘယ်လို ရှိတယ် ဆိုတာ စိတ်မ ဝင်စား ကြဘူး။ အမျိုး သမီးတွေ ၊ ဘုန်းကြီး တွေလဲ သုံး တယ် ” ဟု အဆိုပါ ဝန်ထမ်းက ဆက်လက်ပြောပြသည်။

ယာဘ၏ ဆိုးကျိုးကိုသိသူတချို့ မိမိသားသမီးများအား မြို့တက် ကျောင်းထားကြပြီး စီးပွါးရေး ဦးစားပေး ငွေရှာ လိုကြသည့် မိဘ အများစု မှာမူ မိမိ သားသမီး များအား တရုတ်ပြည် ပို့ကာ အလုပ် လုပ်စေ ကြောင်း စိုင်းခမ်းက ဆက်လက်ပြောပြသည်။

မန့်တုန့်မြို့နယ်ရှိ မုံးမော်ခေါ် မန်မောက်အုပ်စုသည် မိုင်းဝီးအုပ်စုနှင့် ၄၂ မိုင်၊ မူဆယ်မြို့နယ် မိုင်းယုအုပ်စုနှင့် ၅၂ မိုင်ခန့်ဝေးသည်။ ဒေသခံ အများ စုမှာ သျှမ်း လူမျိုး ဖြစ်ပြီး ကချင်နှင့် ပလောင်တို့နှင့်အတူ နေထိုင်ကြသည်။

No comments: