Sunday, June 3, 2012

လယ်သမား ၁၆ ရာခိုင်နှုန်းသာ အစိုးရ လျှပ်စစ်ကို အသုံးပြုရဟု စစ်တမ်းဆို

ကျော်ဖုန်းကျော်

မြန်မာနိုင်ငံ၏ ကျေးလက်တွင် နေထိုင်ကြသော လယ်သမားများအနက်မှ ၁၆ ရာခိုင်နှုန်းသာ အစိုးရက ပေးသော လျှပ်စစ်ကို သုံးစွဲရသည်ဟု မြန်မာနိုင်ငံ ဆန်စပါးလုပ်ငန်းအသင်းမှ ကောက်ယူ ထားသော စစ်တမ်းတွင် ဖော်ပြထားသည်။

၂၀၁၁ ခုနှစ် နိုဝင်ဘာလမှ ၂၀၁၂ ခုနှစ် မတ်လ အတွင်း လယ်သမား အများစုနေထိုင်သည့် ရခိုင်ပြည်နယ်၊ စစ်ကိုင်းတိုင်း၊ ပဲခူးတိုင်း နှင့် ဧရာ ဝတီတိုင်းတို့မှ လယ်သမား ၃,၆၀၀ ရာကို သုတေသနပြု စစ် တမ်းကောက်ယူထားခြင်း ဖြစ်သည်။

အဆိုပါ စစ်တမ်းအရ ကျေးလက်နေ လူထုအများစုမှာ လျှပ်စစ် သုံးစွဲနိုင်ခြင်းမရှိသလို၊ လျှပ်စစ် သုံးစွဲနိုင်သူများသည်လည်း အစိုးရ ပေးသော လျှပ်စစ်ထက် ပုဂ္ဂလိကမှ ရရှိသော လျှပ်စစ်ကို ပိုမို အားထား နေရသည်ဟု သိရသည်။

ကျေးလက်ဒေသများတွင် လျှပ်စစ်ကို အစိုးရထံမှလည်းကောင်း၊ ပုဂ္ဂလိက မီးစက်များမှ လည်းကောင်း၊ ကိုယ်ပိုင် မီးစက် များဖြင့် လည်း ကောင်း၊ အခြားသော နည်းလမ်းများဖြင့်လည်းကောင်း ရရှိကြ သည်ဟု စစ်တမ်းက ဆိုသည်။

တောင်သူလယ်သမားကိစ္စများကို လွန်ခဲ့သည့်သုံးနှစ်မှစ၍ အကူအညီပေးခဲ့သော AFDC (Activists for Free & Development Communi ties) အဖွဲ့မှ ပြန်ကြားရေးတာဝန်ခံ ကိုပြည့်ဖြိုး က “ရန်ကုန်လို မြို့ကြီးမှာတောင် လျှပ်စစ်မီးမမှန်တာ။ နယ်က လယ်သမား တွေကတော့ ပိုဆိုး တာပေါ့။ လယ်သမားတွေက သူတို့လယ်ကွင်းထဲက ဖြတ်သွားတဲ့ လျှပ်စစ် တာဝါ တိုင် တွေကို နေ့တိုင်း မြင်နေရပေမယ့် သူတို့ရွာတွေ ကတော့ မှောင်နေဆဲပါပဲ” ဟု ဆိုသည်။

လျှပ်စစ် လုံလောက်စွာ မရရှိပါက လယ်သမားများ၏ လူမှုဘဝမှာလည်း တိုးတက်ရန် မဖြစ်နိုင်ကြောင်း၊ လျှစ်စစ် မရှိပါက ရာသီဥတု သတင်း ကိုပင် လယ်သ မားများ ကောင်းမွန်စွာ ရရှိရန်ခက်ခဲကြောင်း ကိုပြည့်ဖြိုး က ပြောသည်။

လယ်သမားများ လျှပ်စစ်မီးရရှိမှု အလွန်နည်းပါးနေသဖြင့် ကျေးလက် ဒေသ ဖွံ့ဖြိုးရေး အတွက် လျှပ်စစ်မီး ထောက်ပံ့ ပေးရန် စဉ်းစား သင့် ကြောင်း စစ်တမ်းက အကြံပြု ထားသည် ကိုလည်း တွေ့ရသည်။

ကျေးလက်နေ လယ်သမားများအနေနှင့် လျှပ်စစ် ဓာတ်အား ရရှိမှုအလွန်နည်းပါးရုံသာမက ပို့ဆောင်ရေး နှင့် ဆက်သွယ်ရေး အခက်အခဲ များကို ရင်ဆိုင် နေရသဖြင့် သတင်းအချက်အလက် ရရှိရန်၊ ဆန်စ ပါး ရောင်းချ ရန်အပြင် ကျန်းမာရေး စောင့်ရှောက်မှု အတွက်ပါ အဓိက အတားအဆီး ဖြစ်နေသည်ဟု စစ်တမ်းက ဆိုသည်။

ယခုလအတွင်းတွင် ရန်ကုန်၊ မန္တလေး၊ ပြည်၊ သုံးခွ စသည့်မြန်မာနိုင်ငံတဝှန်းရှိမြို့များတွင် လျှပ်စစ် လုံလောက်စွာပေးရန် တောင်းဆိုသည့် ဆန္ဒပြမှုများဖြစ်ပွားနေပြီး အစိုးရက လျှပ်စစ်ပြတ်တောက်ခြင်း သည် မဟာဓါတ်အားလိုင်းသွယ်တန်းသည့် တာဝါတိုင်အား ကချင် လွတ်လပ် ရေး ဖွဲ့ က ဗုံးခွဲ ဖျက်စီးမှုကြောင့်ဟု အကြောင်းပြချက် ပေးခဲ့သည်။

No comments: