Saturday, June 2, 2012

မူစယ် မန္တလေး လမ်းတစ်လျှောက် တရားမဝင် ဆိုင်ကယ် များကို ရဲက ငွေတောင်း ခံနေ

ကော့လီ

တရုတ်မြန်မာ အဓိက ကုန်သွယ်ရေးလမ်းကြောင်းတစ်ခုဖြစ်တဲ့ မူစယ် မန္တ လေး လမ်းမကြီးတစ်လျှောက် လူတစ်ဦးချင်း စီးနင်းပြီး တရားမဝင် တင်သွင်း လာတဲ့ မော်တော် ဆိုင်ကယ် များကို လမ်းတစ် လျှောက် စောင့်ကြပ်နေတဲ့ လုံခြုံရေး ရဲတပ်ဖွဲ့ဝင်များက ဖမ်းဆီးအရေးယူခြင်း မရှိဘဲ ဖြတ်သန်းခွင့် လာဘ် ငွေတောင်းခံခြင်းများ ပြုလုပ်နေကြကြောင်း သိရပါတယ်။

မူစယ် မန္တလေး လမ်းမကြီးတစ်လျှောက်မှာ ရဲများက စောင့်ကြပ် ငွေတောင်း ခံတဲ့ နေရာ ပေါင်း ၂၀ ထက် မနည်း ရှိကြောင်း သိရ ပါတယ်။

အရင်ကဆို ဒီလောက်မရှိဘူး။ ရှမ်း၊ ကချင်တွေနဲ့ စစ်တပ် တိုက်ပွဲတွေဖြစ် ပြီး နောက် ပိုင်းမှ ရဲတွေကို တံတားတွေမှာ စောင့်ခိုင်းတာကနေ အဲဒီ ရဲတွေက ပိုက်ဆံတောင်းစားနေကြတာလေ။ အနည်းဆုံး ဆိုင် ကယ် တစ်စီးကို ငါးရာ ကနေ တစ်ထောင် အထိ ပေးရတယ်။ တချို့နေရာ မှာတော့ အရမ်း ရစ်တယ်။ ၇ သောင်း လောက်ကို တောင်းတယ်။ ကျနော်တို့ သယ်လာတဲ့ ဆိုင်ကယ်ကမှ ၄ သိန်းလောက် တန် တာ ဘယ် လိုလုပ် ၇ သောင်း ပေးနိုင်မလဲ လို့ တရုတ်မြန်မာ နယ်စပ်က ဆိုင်ကယ် စီးနင်းသယ်ယူသူ တစ်ဦးက ပြောပါ တယ်။

ငွေတောင်းတဲ့နေရာမှာ အဆိုးဆုံးနေရာကတော့ လားရှိုးမြို့ အထွက် ပဲဗျ။ ရွာက လူတွေ လိုင်စင်မဲ့ ဆိုင်ကယ် စီးလာ ရင်တော့ ၇-၈ သောင်း လောက် တောင်းတယ်။ မပေး နိုင်ဘူးဆိုရင် လျှော့တောင်းတယ်။ ၃-၄ သောင်းပေါ့။ ရွာကလူတွေက မရှိမဲ့ ရှိမဲ့ဝယ်စီးထားတာ ဘယ်ပေး နိုင် လိမ့်မလဲ။ အဲဒီတော့ မပေးနိုင်တဲ့သူတချို့ကို ရဲတွေဖိနပ်နဲ့တောင် ရိုက်တယ်။ တကယ် တမ်း ဆိုင်ကယ် ကယ်ရီ လုပ်နေတဲ့သူတွေ အများစု က မယုံမရှိနဲ့ ရဲထွက်တွေ၊ ရဲမိသားစုဝင်တွေဗျ။ တစ်ခါတစ်လေ ရဲတွေကိုယ်တိုင်က ကယ်ရီလုပ်တာ။ သူတို့အချင်းချင်းကျတော့ ငါးရာ တစ်ထောင် လောက်နဲ့ ပြီးတယ် – လို့ လားရှိုး မြို့နယ် အတွင်း ဆိုင်ကယ် အရောင်း အဝယ် လုပ်နေသူ တစ်ဦးက ပြောပြ ပါတယ်။

သီပေါဒေသခံ တစ်ဦးကတော့ – သီပေါဘက်မှာဆိုရင် ပြီးခဲ့တဲ့နှစ်လောက်က ညညဆိုရင် ရဲတွေရော၊ ရဲမဟုတ်တဲ့လူတွေရော အုတ်ရောရော၊ ကျောက်ရောရော လမ်းတွေမှာ ဆိုင်ကယ်တွေကို တားပြီး ပိုက်ဆံတောင်းတယ်။ ရွာသား တွေက​ည်း ကိုယ့်ဆိုင် ကယ်က လိုင်စင် ရှိရှိ မရှိရှိ ကြောက်ကြောက်နဲ့ ထုတ်ပေးရတယ်။ အဲဒါကြောင့် အထက်ကိုစာတင်ပြီးတိုင်တော့ ငြိမ်သွားတယ်။ ဒါပေမယ့် အခုလပိုင်း ပြန်ထလာကြပြန်ပြီ။ တော်ရုံတန်ရုံ ညပိုင်းဆိုရင် ရွာကလူတွေ မြို့ထဲကို မလာရဲကြဘူး။ ဘယ်ကိုမှလည်း မသွားရဲကြဘူး လို့ ဆိုပါတယ်။

မေလကုန်ပိုင်းလောက်တုန်းက သိန္နီမြို့နယ်က ရှမ်းတိုင်းရင်းသားများ ဒီမိုကရက်တစ်ပါတီဝင် တစ်ဦးကလည်း သူ့အတွေ့အကြုံကို အခုလို ပြောပြပါတယ်။

ကျနော့်ရှေ့က ဆိုင်ကယ်ကယ်ရီတစ်စီးက ကုန်ကားတစ်စီးကို ကွယ်ပြီး ရဲတွေကို ဖြတ်ပြေးသွားတယ်။ အဲဒီတော့ ရဲတွေက ကျနော့်ကို ဝိုင်းရစ် ကြတယ်။ လိုင်စင်ပြတဲ့။ လိုင်စင်ပြလိုက်တော့လည်း အစစ် ဟုတ်မဟုတ် ဘာနဲ့သက်သေပြမလဲတဲ့။ အစိုးရက ထုတ်ပေးထားတဲ့ လိုင်စင် ကို ထုတ်ပြနေတဲ့ဟာကို ကျနော်က ဘာနဲ့ထပ်သက်သေပြရမှာလဲဗျာ။ အဲဒါနဲ့ ရဲတွေက ကျနော့်ကိုရှာတယ်။ ပိုက်ဆံအိတ်ကို ရှာတော့ ကျနော့် ကျားဖြူပါတီဝင်ကတ်ကို တွေ့တယ်။ သူတို့က ဘာကတ်လဲ။ ကျနော်ကလည်း ပြောရတော့တာပေါ့။ ဒါကျားဖြူပါတီဝင်ကတ်။ ကျနော် တို့က ပါတီ ကိစ္စနဲ့ လာတာ၊ ဘာညာ ပြောမှ ပြန် တောင်းပန် တယ်။ ကျနော် တို့က ဆိုင်ကယ် ကယ်ရီ ထင်လို့ပါ ဘာညာနဲ့။

မူစယ်-မန္တလေး လမ်းမကြီးတစ်လျှောက် ရဲများက စောင့်ကြပ်ငွေတောင်းခံနေတဲ့ နေရာတွေကတော့ (၁) ၁၀၅ မိုင်ဂိတ်၊ (၂) နမ့်ဖတ်ကာ၊ (၃) နမ့်ခိုင်တံတား၊ (၄) ကွတ်ခိုင် အေးရှားဝေါလ် တိုးလ်ဂိတ်၊ (၅) သိန္နီမြို့နယ် ဆိုင်းမွန်တောင်၊ (၆) သိန္နီမြို့အဝင်၊ (၇) သိန္နီမြို့အထွက် နမ္မတူ ချောင်းတံတား၊ (၈) သိန္နီမြို့နယ် နဲ့ လားရှိုးမြို့နယ် နယ်ခြားချောင်းတံတား၊ (၉) လားရှိုးမြို့အဝင် အေတီတံတား၊ (၁၀) လားရှိုးမြို့အ ထွက်၊ (၁၁) သီပေါမြို့နယ် စဉ့်အင်တံတား၊ (၁၂) သီပေါမြို့နယ် ကုန်းဆာရွာ၊ (၁၃-၁၄) သီပေါတံတားကြီးထိပ်နှစ်ဖက်၊ (၁၅) သီပေါ အေးရှားဝေါလ် တိုးလ်ဂိတ်၊ (၁၆) ကျင်သီတံတား၊ (၁၇) ကျောက်မဲ အေးရှားဝေါလ် တိုးလ်ဂိတ်၊ (၁၈) ကျောက်မဲမြို့အထွက်၊ (၁၉) ဂုတ်တွင်းတံတား၊ (၂၀) နောင်ချိုမြို့အဝင် တို့ဖြစ်တယ်လို့ သိရပါတယ်။ ဒီနေရာ ၂၀ သာမက တစ်ခါတစ်ရံ ကြားနေရာတွေမှာလည်း အလျဉ်းသင့်သလို တားဆီးပြီး ငွေတောင်းခံတွေတာကို ကြုံတွေ့ရတယ်လို့ တရားမဝင်ဆိုင်ကယ် စီးနင်းသယ်ယူသူများက ပြောပါတယ်။

No comments: