Saturday, June 16, 2012

ဦးအေးလွင်ကို ပါတီက မထုတ်ရင် ပါတီဖျက်သိမ်းခံရနိုင်

ပီတာအောင်

ဝတ္တရားနှောင့်ယှက်မှုနဲ့ ထောင်ဒဏ် ၂ လ ချခံထားရတဲ့ ပြည်ထောင်စုမြန်မာ နိုင်ငံ အမျိုးသားနိုင်ငံရေး အဖွဲ့ချုပ်ခေါင်းဆောင် ဦးအေး လွင် ကို ပါတီက ထုတ်ပစ်ဖို့ ရွေးကောက်ပွဲ ကော်မရှင်က အကြောင်းကြား ထားပြီးဖြစ်ကြောင်း နဲ့ မထုတ်ပယ်ရင် ပါတီဖျက်သိမ်း ခံရတဲ့ အထိ ဖြစ်လာ နိုင်တယ်လို့ ရွေး ကောက်ပွဲ ကော်မရှင်က ပြောကြား လိုက်ပါ တယ်။

ပြည်ထောင်စုမြန်မာနိုင်ငံ အမျိုးသားနိုင်ငံရေးအဖွဲ့ချုပ် ဥက္ကဋ္ဌ ဦးအေးလွင် ဟာ ပြစ်ဒဏ်ကျခံနေရသူဖြစ်လို့ ရွေးကောက်ပွဲဥပဒေအရ ပါတီဝင်အဖြစ်က ထုတ် ဖို့အကြောင်းကြားထားတာ လို့ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် ညွှန် ကြားရေးမှူး ဦးသောင်းလှိုင်က ပြော ပါ တယ်။

“သူက ဒီ ပြစ်မှုကျူးလွန်ထားတယ်။ နိုင်ငံရေးပါတီသတ်မှတ်ထားတုန်းက ပါတီဝင် တယောက်ဟာ ဒီလိုတွေ ဖြစ်ရင် ပါတီကနေ ထုတ်ရမယ်လို့ ပြဋ္ဌာန်းချက် ပါ တယ်လေ။ အဲ့အတိုင်းဆောင်ရွက် ထားခြင်း ရှိ မရှိဘဲ။ ထောင်ကျနေတဲ့ သူ ဟာ ပါတီမ၀င်ရဘူးလို့ မပါဘူးနော်။ သို့သော်လည်း ပါတီဝင် တယောက်က ဥပဒေကိုကျူးလွန် လို့ ထောင်ကျသွားရင်တော့ ပါတီဝင် အဖြစ် ကနေ ထုတ်ရမယ် ဆိုတာတော့ ပါတယ်။ အဲ့ဒါကို ကျနော်တို့က ဥပ ဒေအရ အကြောင်းကြားတာပဲ ရှိတယ်။ လုပ်တာ မလုပ်တာ သူတို့ အ ပိုင်း။”

ဦးအေးလွင်ဟာ ရန်ကုန်-မန္တလေး ကားလမ်းပေါ်ရှိ တိုးဂိတ်တခုမှာ ဂိတ်ကြေး ၅,ဝဝဝ ကျပ် ပေးဆောင်ဖို့ ငြင်းဆန်ခဲ့မှုနဲ့ စပ်လျဉ်းပြီး ၀န်ထမ်း နဲ့ စကားအချေအတင်ဖြစ်ရာက ပြီးခဲ့တဲ့မေ ၂၂ ရက်နေ့မှာ တာဝန်ဝတ္တရား နှောင့်ယှက်မှုနဲ့ တရားစွဲခံရပြီး အင်းစိန်ထောင်မှာ ထောင် ဒဏ် ၂ လ ကျခံနေရတာဖြစ်ပါတယ်။

ပြည်ထောင်စုမြန်မာနိုင်ငံ အမျိုးသားနိုင်ငံရေးအဖွဲ့ချုပ်ရဲ့ ညီနောင် မဟာမိတ်ပါတီဖြစ်တဲ့ ၈၈ မျိုးဆက် ကျောင်းသားလူငယ်များအဖွဲ့ (ပြည် ထောင်စုမြန်မာနိုင်ငံ) ဥက္ကဋ္ဌ ဦးရဲထွန်းက အခုချိန်ဟာ အယူခံဝင်ဆဲ ကာလဖြစ်ပြီး ဦးအေးလွင်မှာ အပြစ်ရှိတယ်လို့ မယူဆတဲ့အတွက် ပါ တီက ထုတ်ပယ်ဖို့ မဆုံးဖြတ်ရသေးဘူးလို့ ပြောပါတယ်။

“နိုင်ငံသားတယောက်မှာ အယူခံပိုင်ခွင့်ဆိုတာ ရှိတယ်။ အယူခံပိုင်ခွင့်ကာလ၊ အယူခံနေတဲ့ အချိန် မှာ သူ့ကို အပြစ်ရှိတယ်လို့ ကျနော်တို့ ပါတီ အနေနဲ့ သတ်မှတ်ခွင့်မရှိသေးဘူး။ အယူခံကာလ ကုန်ဆုံးတဲ့အချိန်ထိ ကျနော်တို့ပါတီက စောင့်ပြီးမှသာလျှင် ထုတ်ပယ်သင့်၊ မထုတ်ပယ် သင့်ဆိုတာ ဆုံးဖြတ်မယ်ဆိုပြီးတော့ ကော်မရှင်ကို အကြောင်းပြန်လိုက်တယ်။”

နိုင်ငံရေးပါတ်ီများ မှတ်ပုံတင်ခြင်း ဥပဒေအခန်း ၂ ပုဒ်မ ၁၀ (င) မှာတော့ ပါတီဝင်တွေဟာ ထောင်ဒဏ် ကျခံနေရသူ မဟုတ်ရဘူးလို့ ပြဋ္ဌာန်း ထားတာ ဖြစ်ပါတယ်။

အကယ်၍ ဦးအေးလွင်ကို မထုတ်ပယ်ရင် ပါတီဖျက်သိမ်းခံရတဲ့ အထိ ဖြစ်လာနိုင်တယ် လို့ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က ပြော ပါတယ်။

ရွေးကောက်ပွဲကော်မရှင် ညွှန်ကြားရေးမှူး ဦးသောင်းလှိုင်က “မထုတ်ဘူးဆိုရင်တော့ ဥပဒေ အရ တော့ ကော်မရှင်က ဒီလို ညွှန်ကြားတယ်။ မ လိုက်နာဘူးဆိုရင်တော့ ကာလတခု သတ်မှတ်ပြီးတော့ ကျနော်တို့က ကော်မရှင်ကနေ ပြီး တော့ ဆက်သွယ်တာတွေ ဆောင်ရွက် ရမယ်။ နောက် တဆင့်ဆိုရင်တော့ ပါတီဖျက်သိမ်းရမယ်။”

ဦးအေးလွင်အမှုအတွက် အယူခံကို အင်းစိန်မြောက်ပိုင်းခရိုင်တရားရုံးမှာ ဇွန် ၁၄ ရက်နေ့ က လျှောက်ထားလိုက်ပြီဖြစ်ပြီး ဇွန် ၂၂ ရက်နေ့မှာ ဒီအမှု အမိန့်ချဖို့ ရှိနေပါတယ်။

ဦးအေးလွင် နဲ့ ညီဖြစ်သူ ဦးရဲထွန်းတို့ ခေါင်းဆောင်တဲ့ ပါတီတွေဟာ ၂၀၁၀ ရွေးကောက်ပွဲမှာ ၀င်ပြိုင်ခဲ့တဲ့ ပါတီတွေဖြစ်ပြီး အနောက် နိုင်ငံ တွေရဲ့ စီးပွားရေး ပိတ်ဆို့မှုကို ဆန့်ကျင်တဲ့ လှုပ်ရှားမှုတွေ တက်တက်ကြွကြွ ဆောင်ရွက်ခဲ့တဲ့ပါတီ ဖြစ်ပါတယ်။

No comments: