Wednesday, June 13, 2012

အစိုးရ တပ်ရင်းများ တိုးချဲ့လာ၍ ရှမ်းဒေသခံများ ပိုမိုစိုးရိမ်လာ

ဖနိဒါ

ရှမ်းလက်နက်ကိုင် အဖွဲ့အစည်းများနှင့် အပစ်အခတ် ရပ်စဲထား သော်လည်း ရှမ်းပြည်နယ် အတွင်း မြန်မာအစိုးရ၏ စစ်တပ်များ ပိုမိုတိုးချဲ့လာ သဖြင့် ကျေးလက်နေပြည်သူများ နေ့စဉ် ထိတ်လန့်နေရသည်ဟုဒေသခံများနှင့် လူထုအခြေပြု အဖွဲ့အစည်းများက ပြောသည်။

ရှမ်းပြည်နယ် ၅၅ မြို့နယ်တွင် ယခင်က တမြို့နယ်လျှင် မြန်မာအစိုးရ၏ တပ်ရင်း တရင်းနှုန်းသာ ရှိခဲ့သော်လည်း ၁၉၉၆ နောက်ပိုင်းမှ စတင် ကာ တပ်ရင်း ၁၈ဝ ကျော်ထိ ဖြစ်လာသဖြင့် မြန်မာတနိုင်ငံလုံးရှိ တပ်ရင်းပေါင်း ၆ဝဝ ကျော် ၏ လေးပုံတပုံကျော် ချထားခြင်း ဖြစ်၍ လူ့အ ခွင့် အရေး ချိုးဖောက်မှုများ ပိုမိုဖြစ်ပေါ်လာမည်ကို စိုးရိမ်နေရခြင်းဖြစ်ကြောင်း ရှမ်းအမျိုးသမီးရေးရာ ဆက်သွယ်လှုပ်ရှား ဆောင်ရွက် ရေးအ သင်းမှ ပြောခွင့်ရသူ ဒေါ်ယိင်းဟန်ဖကပြောသည်။

“မြို့ကြီးလောက်ပဲ ပြောင်းလဲမှု အနည်းငယ်ရှိပေမယ့် ကျေးလက်တောရွာတွေမှာတော့ အရင် အ တိုင်းပဲ ပြည်သူတွေ ခံစားနေရတယ်။ ငြိမ်း ချမ်း ရေးကို ဖော်ဆောင်ဖို့ ဆိုပြီး အပစ်အခတ် ရပ်ဆိုင်းထားပေမယ့် တပ် မရုတ်သိမ်းသေး ဘူး။ တကယ်တမ်းကျတော့ လက်တွေ့ အကောင် အထည် မဖော်ဖြစ်ဘူးဆိုတာ သိသာ ထင်ရှားမြင်ရပါတယ်”ဟုဒေါ်ယိင်း ဟန် ဖက ပြောသည်။

ကျောက်မဲမြို့ နယ်မှ ဒေသခံ တဦး ကလည်း “ကျနော်တို့ ကျောက်မဲ ဆိုရင် တပ်ရင်း သုံးရင်း လောက် တိုးတယ်။ ခုတော့ ပိုများ လာတယ်။ မူ ဆယ် -နမ်ခမ်း လမ်းတော့ စိုးရိမ် စရာ မရှိဘူး။ ကျေးရွာ တွေမှာဆို စစ်သား တွေက ထမင်းထုပ်တောင်း တာတို့၊ လမ်းပြ ခိုင်းတာတို့၊ လမ်းပြ မှား ရင်လည်း အရိုက် ခံရတာ တို့ရှိတော့ စိုးရိမ်ရတယ်”ဟု မဇ္စျိမကို ပြောသည်။

လူထုအခြေပြုအဖွဲ့ ၁၆ ဖွဲ့မှ ကိုယ်စားလှယ် ၇ဝ ကျော်က လက်ရှိ နိုင်ငံရေးအခြေအနေနှင့် ငြိမ်းချမ်းရေး လုပ်ငန်းစဉ် များနှင့် ပတ်သက်၍ ဇွန် လ ၄ ရက်၊ ၅ ရက်နေ့များတွင် ထိုင်းနိုင်ငံ ချင်းမိုင်မြို့တွင် နှစ်ရက်ကြာ စည်းဝေးကျင်းပပြီး အင်္ဂါနေ့တွင် သတင်းစာရှင်းလင်းပွဲ ပြုလုပ်ကာ ပူးတွဲ ကြေညာချက် ထုတ်ပြန်လိုက်သည်။

ယင်းလူထုအခြေပြု အဖွဲ့အစည်းများမှာ လူငယ်၊ အမျိုးသမီး၊ သဘောဝပတ်ဝန်းကျင် ထိန်းသိမ်းရေး၊ လူမှုဖွံ့ဖြိုးရေး၊ ကျန်းမာရေး၊ ပညာရေး၊ သတင်းမီဒီယာ၊ လူ့အခွင့်အရေး အဖွဲ့၊ စာပေနှင့် ယဉ်ကျေးမှုအဖွဲ့၊ အလုပ်သမား အဖွဲ့အစည်း များ၊ သံဃာတော်များနှင့် ရှမ်းပြည်နယ်မှ လယ် သမားများ ပါဝင်သည်။

ဆွေးနွေးပွဲတွင် လယ်ယာမြေသိမ်းခံရမှုများ၊ တိုက်ပွဲဖြစ်ပွားနေခြင်းများ၊ လူထု ညဉ်းပန်း နှိပ်စက်ခံရမှုများ အပါအဝင် အချက် ကိုးချက် ကို ဆွေးနွေးခဲ့ခြင်း ဖြစ်သည်ဟု ဆိုသည်။

ရေနံနှင့်သဘောဝဓါတ်ငွေ့ ပိုက်လိုင်း စီမံကိန်းကြောင့် ရှမ်းပြည်မြောက်ပိုင်း သီပေါ မြို့နယ်တွင် ကျေးရွာဒေသခံများ အသက်ဘေး အန္တ ရာယ် နှင့် ရင်ဆိုင်ရနိုင်သဖြင့် ဒေသခံများ စိုးရိမ်နေရသည်ဟု ဒေါ်ယိမ်းဟန်ဖ က ပြောသည်။

“ဥပမာ သီပေါ ဘောဂျိုဘက် ဆားတွင်းကြီး ရှိတယ်။ မြေက ဆားဓါတ်တွေ ရှိတယ်။ လျှပ်စစ် ဓါတ် တိုင်တွေ စိုက်တာ ၄၊ ၅ လလောက်ပဲ ခံ တယ်။ မြေကြီးက ဆားပါတော့ သံချေးတက်ပြီး မကြာဘဲ လဲပြိုကျတယ်။ ဒီလို မီးတိုင်တောင် မခံဘူးဆိုရင် နောက် ဘယ်နှနှစ်မှာ ဂက်စ် ပိုက်လိုင်း ပေါက်ကွဲသွားမယ်ဆိုရင် ပြည်သူက ဘယ်လောက်ထိ အန္တရာယ် ရောက်မ လဲ”ဟု ပြောသည်။

ထိုရေနံနှင့် သဘာဝဓါတ်ငွေ စီမံကိန်းကို တရုတ်အမျိုးသားရေနံကော်ပိုရေးရှင်း CNPC က လုပ်ဆောင်နေပြီး ပိုက်လိုင်း ကို ရခိုင်ပြည် နယ် ရမ်းဗြဲကျွမ်းမှတဆင့် မန္တလေးတိုင်း မြေမြို့မှ ရှမ်းပြည်နယ်မြောက်ပိုင်း သီပေါ၊ နောင်ချို၊ မူဆယ်၊ နမ္မတူ၊ ကျောက်မဲ၊ နမ့်ခမ်းမြို့များမှ တရုတ်နိုင်ငံထိ ဖြတ်သန်းဖောက်လုပ်မည် ဖြစ်သည်။

ထိုစီမံကိန်းကြောင့် ဒေသခံပြည်သူများ၏ လယ်မြေများ သိမ်းပိုက်ခံနေရသည်ဟု ရှမ်း သဘောဝ ပတ်ဝန်းကျင် ထိန်းသိမ်းရေး အဖွဲ့က တာ ဝန်ရှိသူ ကိုစိုင်းခေးဆိုင်က ပြောသည်။ နမ့်ခမ်းမြို့နယ်အတွင်း လယ်ယာမြေ ဧကပေါင်း ၁၅,ဝဝဝ သိမ်းပိုက်ခံနေရသည်ဟု ဆိုသည်။

လယ်သမာများကို ငါးရစ်ခွဲ၍ လျော်ကြေးပေးမည်ဟုဆိုသော်လည်း ဒုတိယ အရစ်သာ ပေးနေသဖြင့် လျော်ကြေးများ ကို တစုတည်း ပေးစေ လိုကြောင်း ကျောက်မဲမြို့နယ် ဒေသခံတဦးက ပြောသည်။

“မြို့နယ် အုပ်ချုပ်ရေးမှူးကနေ လယ်သမားတွေကို ခေါ်တယ်။ လျော်ကြေးပေးမယ် ဆိုတာတောင် မသိဘူး။ ရုံးရောက်တော့ ဒါက လျော်ကြေး ပေါ့။ ဘယ်လောက် သိမ်းခံရတယ်ဆိုတာလည်း မပြောဘူး။ နောင်ငန်းတို့ လယ်ကွင်းတို့တွင် ပိုက်လိုင်း မြေယာတွေဆိုရင် ငါးရစ် စာ ဆိုပေမယ့် နှစ်ရစ်လုပ်ပြီးတော့ လျော်ကြေးပေးပါတယ်” ဟု ဆိုသည်။

သီပေါ၊ ကျောက်မဲ၊ လားရှိုးမြို့နယ်အတွင်းရှိ ကျေးရွာအချို့တွင် အစိုးရမြေတိုင်းရုံးနှင့် စီးပွားရေးလုပ်ငန်းရှင် တချို့ကဒေသခံများ၏ မြေယာ များ သိမ်းယူထားသော်လည်း တိုင်ကြားရန် ခက်ခဲသည့် အခြေအနေ ရှိနေသည်ဟု သီပေါမြို့နယ် ဒေသခံတဦးက ပြောသည်။

ထို့ပြင် ငြိမ်းချမ်းရေး လုပ်ငန်းစဉ်တွင် လူထုအခြေပြု အဖွဲ့အစည်းများကို ပါဝင်စေသင့်ကြောင်း၊ လူသားချင်း စာနာသော အထာက် အကူ ပေး မှုများကို သက်ဆိုင်ရာ ဒေသခံ လူထုအခြေပြု အဖွဲ့အစည်းများနှင့်အတူ ဒေသခံလူထုထံသို့ တိုက်ရိုက် ပေးအပ်ရန်တို့ကို အကြံပြု တောင်း ဆိုထားသည်။

ထို့ပြင် နိုင်ငံရေး ပဋိပက္ခများ ဖြေရှင်းပြီးနောက် ဒေသခံ ပြည်သူလူထု၏ ဘဝ ရှင်သန်ရေးကို ကာကွယ်စောင့်ရှောက် မည့် ရင်းနှီးမြှပ်နှံ့မှု ပေါ် လစီ ထားရှိပြီးမှ ရင်းနှီးမြှပ်နှံမှုများကို စဉ်းစားသင့်ကြောင်း ယနေ့ထုတ်ပြန်ချက်တွင် ပါရှိသည်။

ရှမ်းပြည်နယ်အတွင်း ရေနံနှင့် သဘာဝဓါတ်ငွေ့ပိုက်လိုင်းများ၊ လျှပ်စစ်ထုတ်သည့် ရေကာတာများ၊ သတ္တုတူးဖော်ရေး လုပ်ငန်းများနှင့် သစ် ထုတ်လုပ်ရေး လုပ်ငန်းများ အပါအဝင် အကြီးစားစက်မှုလုပ်ငန်းများအား ချက်ချင်း ရပ်တန့်ရမည် ဟု ဖော်ပြထားသည်။

No comments: