Wednesday, June 13, 2012

ရခိုင်ပြည်နယ် သတင်းများ ရန်ကုန်တိုင်းအစိုးရ စိစစ်မည်

ဧရာဝတီ

ပြည်တွင်းမီဒီယာများ၏ ရခိုင်ပြည်နယ် ပဋိပက္ခ သတင်းရေးသားမှုနှင့် ပတ်သက်သော စိစစ်ဖြတ်တောက် မှုများအား ပြန်ကြားရေး ဝန်ကြီးဌာန လက်အောက်ရှိ စာပေစိစစ်ရေးက ရန်ကုန်တိုင်းဒေသကြီး အစိုးရ၏ လမ်းညွှန်ချက်ကို ခံယူ လုပ်ဆောင်နေရကြောင်း သတင်းရရှိသည်။

ရခိုင်ပြည်နယ် ပဋိပက္ခဖြစ်ပေါ်လာချိန်တွင် ပြန်ကြားရေး ၀န်ကြီးဌာန၏ လမ်းညွှန်ချက်နှင့် စည်းကမ်းများကို လိုက်နာရရုံမျှမက ရန်ကုန် တိုင်း ဒေသကြီး ဝန်ကြီးချုပ် ဦးမြင့်ဆွေ ဦးဆောင်သည့် ရန်ကုန်တိုင်းအစိုးရ၏ လမ်းညွှန်ချက်နှင့် စည်းကမ်းများကို လိုက်နာရခြင်း၊ ရန် ကုန်တိုင်း အစိုးရထံ ဂျာနယ်စိစစ်ဖြတ်တောက်မှုကိစ္စ သတင်းပို့ရခြင်းများ ပြုလုပ်လာရကြောင်း၊ သတင်းဂျာနယ် များကိုလည်း စာပေ စိစစ်ရေးက ချ မှတ်ထားသော စည်းကမ်းများအား သေချာစွာလိုက်နာကြရန် ဖိအားပေးနေကြောင်း သိရသည်။

“စာပေစိစစ်ရေးက တာဝန်ရှိသူတွေကလည်း အခုလက်ရှိ အခြေအနေအရ ရန်ကုန်အစိုးရကိုရော၊ နေ ပြည်တော်ကိုရော တိုက်ရိုက် အစီရင်ခံ နေရ တယ်လို့ ပြောတယ်။ နည်းနည်းမှ အမှားမခံဘူး။ အရင်တုန်းက ပြန်ကြားရေး လောက်နဲ့ပဲ ပြီးပေမယ့် အခုတော့ မပြီးတော့ဘူးလို့ ပြော တယ်” ဟု စာပေစိစစ်ရေးသို့ ပုံမှန်သွားရောက် ရလေ့ရှိသူ ထုတ်လုပ်မှု အယ်ဒီ တာ တဦးက ပြောသည်။

လျှပ်တပြက် ဂျာနယ်တွင် ရခိုင်ပြည်နယ် ကျောက်နီမော်ဒေသမှ အဓမ္မကျင့် သတ်ဖြတ်ခံခဲ့ရသော မသီတာထွေး၏ သေဆုံးနေ သည့် ဓာတ် ပုံကို ထည့်သွင်း ဖော်ပြခဲ့သည့်အတွက် ရန်ကုန်တိုင်း ၀န်ကြီးချုပ်ဦးမြင့်ဆွေက ရန်ကုန်တွင် ဆန္ဒပြမှုများနှင့် အကြမ်းဖက်မှုများ ဖြစ်ပေါ် လာ မည်ကို အထူးစိုးရိမ်ပြီး ပြည်တွင်းမီဒီယာများကို ခေါ်ယူ သတိပေးခဲ့သည်။ ယင်းနောက် စာပေစိစစ်ရေးက လျှပ်တပြက် ဂျာနယ် ထုတ်ဝေခွင့် ယာယီရပ်ဆိုင်းခဲ့သည်။ ယင်းကိစ္စတွင် ၀န်ကြီးချုပ်ဦးမြင့်ဆွေ၏ ဖိအားပေးမှုက အဓိက ပါဝင်ကြောင်း စာပေ စိစစ် ရေးနှင့် နီးစပ် သူများ ထံမှ သိရှိ ရသည်။

လက်ရှိအနေအထားတွင် ရခိုင်ပဋိပက္ခကြောင့် သတင်း လွတ်လပ်စွာ ဖော်ပြခွင့် ပြန်လည် ဆုံးရှုံးသွားရပြီ ဖြစ်ကြောင်း သတင်းဂျာနယ် အများ စုက ဆိုကြသည်။

“အရင်တုန်းက စိစစ်ရေး တင်ရတယ်ဆိုပေမယ့် ဒီလောက် မတင်းကျပ်ဘူး။ အခုကတော့ စာပေ စိစစ် ရေးက ခဏခဏ ဖုန်းဆက်ပြောတယ်။ မတင်ဘဲ ဘာသတင်းမှ မရိုက်နဲ့၊ ပြဿနာတက်မယ်၊ ထုတ်ဝေခွင့် ရပ်ဆိုင်းခံရတာမျိုးတွေ ဖြစ် လာနိုင်တယ်ဆိုတဲ့ သဘောမျိုးတွေပြောတယ်။ လျှပ်တပြက်ဂျာနယ် ယာယီ အပိတ်ခံရတာနဲ့ပတ်သက်လို့လည်း ဂျာနယ် အယ်ဒီတာတွေ ဆီက သဘောထားအမြင် စာပေစိစစ်ရေးက လှမ်း တောင်းတယ်” ဟု အယ်ဒီတာချုပ်တဦးက ပြောသည်။

ပုံနှိပ်မီဒီယာတွင် သတင်းလွတ်လပ်ခွင့် ဆုံးရှုံးသော်လည်း ပြည်တွင်း မီဒီယာများသည် facebook အွန်လိုင်း စာမျက်နှာ များတွင် သ တင်းများ ကို အချိန်နှင့် တပြေးညီ ဖော်ပြလျှက်ရှိကြောင်း၊ ယင်းဖော်ပြမှုများအတွက် အစိုးရက တစုံတရာ ဖိအားပေးမှုမရှိကြောင်း သိရ သည်။

ရခိုင်ပြည်နယ် ပဋိပက္ခ ဖြစ်ပေါ်လာပြီး စာပေစိစစ်ရေး၏ ပြန်လည် တင်းကျပ်မှုကြောင့် စာနယ်ဇင်း ကောင်စီဖွဲ့စည်းရေးနှင့် ဇွန်လနှောင်းပိုင်း စာပေစိစစ်ရေး ဖျက်သိမ်းရေး ကိစ္စများ လက်တွေ့ဖြစ်မလာမည်ကို စာနယ်ဇင်းအသိုင်းအဝန်းက စိုးရိမ်နေကြသည်။

“အခုအခြေအနေအတိုင်းဆိုရင် စာပေစိစစ်ရေးက ပိုတောင် တင်းကျပ်လာတယ်။ စာနယ်ဇင်းကောင်စီ ကိစ္စကလည်း သတင်းသမား အသင်း တွေဘက်က အဆိုပြုတင်ပြထားတွေရှိတယ်။ ဘာမှ အကြောင်းမပြန်ဘူး။ အစိုးရက ပြောနေတဲ့ ဇွန်လနှောင်းပိုင်းမှာ စာပေ စိစစ်ရေး ဖျက် မယ့် ကိစ္စ ဖြစ်မလာတော့မှာ စိုးရိမ်စရာပဲ” ဟု ရန်ကုန်အခြေစိုက် စာနယ်ဇင်း သမားတဦးက ပြောသည်။

ပြန်ကြားရေးဝန်ကြီးကျော်ဆန်းက စာနယ်ဇင်းကောင်စီကို သမ္မတ အမိန့်ဖြင့်ဖွဲ့စည်းခွင့် ပြုမည်ဖြစ်ပြီး ဇွန်လကုန်တွင် စာပေစိစစ်ရေး ဖျက် သိမ်း တော့မည်ဖြစ်ကြောင်း မေလဆန်းပိုင်းက တရားဝင် ထုတ်ဖော်ပြောဆိုခဲ့သည်။

No comments: