Saturday, June 9, 2012

ငွေကျပ် ၁ သောင်းတန်ကြောင့် တရုတ် နယ်စပ်တွင် မြန်မာ ငွေလဲနှုန်း ကျဆင်း

သျှမ်းသံတော်ဆင့်

လာမည့် ၁၅ ရက်နေ့တွင် တစ်သောင်းတန် မြန်မာငွေစက္ကူများ စတင်ထုတ်ဝေမည်ဟု ယမန်နေ့က သတင်းကြေငြာချက် ထုတ်ပြန်အပြီး တရုတ် - မြန်မာနယ်စပ် ငွေလဲဈေးကွက်၌ မြန်မာကျပ်ငွေဈေး ရုတ်တရက် ကျဆင်းသွားကြောင်း သိရ သည် ။

ငွေလဲဈေးကွက်အတွင်း မြန်မာငွေ ကျပ် ၁၀၀ လျှင် တရုတ်ယွမ် ၇.၇ ယွမ်နှုန်းဖြင့် လဲလှယ်နေရာမှ သတင်းထုတ်ပြန်အပြီး ကျပ် ၁၀၀ လျှင် ၇.၅ ယွမ် အထိကျဆင်းသွားကြောင်း တရုတ်နှင့်မြန်မာ ငွေလဲလှယ်နေသူ ကုန်သည်တစ်ဦးက သျှမ်းသံ တော်ဆင့်သို့ ပြောသည် ။

“လောလောဆယ် တစ်သောင်းတန်တွေထုတ်မယ်ဆိုတာ ဟော့ဖြစ်နေတာပေါ့ ။ မြန်မာငွေဈေးတွေ လည်း ကျသွားတယ်။ ဒါ မဖြစ်ခင်က ကျပ် ၁၀၀ ကို ၇.၇ ယွမ်ဈေး ပေါက်နေတာ။ ဒီမနက်ပိုင်း ၁၀၀ ကို ၇.၅ ယွမ်အထိ ကျသွားတယ်။ နေ့လည် ပိုင်း တော့ ၇.၅၈ အထိ နည်းနည်း ပြန် တက်လာတယ် ” ဟု သူက ဆိုသည် ။

လက်ရှိပေါက်ဈေးအရဆိုလျှင် ယခင်ထက် ကျပ် တစ်သိန်းလျှင် တရုတ်ယွမ်ငွေ ၁၂ ယွမ်ခန့် နှင့် မြန်မာငွေဖြင့် ကျပ် ၁၅၀၀ ခန့် ဈေးထိုးကျ သွားကြောင်း သိရသည် ။

ယခုကဲ့သို့ ငွေလဲလှယ်ဈေးနှုန်းကျဆင်းသွားသဖြင့် ဈေးကွက်အတွင်း အရောင်းအဝယ်များ တုန့်ဆိုင်း သွားဖွယ်ရှိကြောင်း စောစောက ကုန် သည်က ဆက်ပြောသည် ။

“အခု တရုတ် - မြန်မာနယ်စပ်မှာ အရောင်းအဝယ်က အကောင်းကြီးလည်းမဟုတ်ဘူး ၊ အဆိုးကြီးလည်း မဟုတ်ဘူး။ လုပ် တော့ လုပ်နေကြ တာပဲ။ လောလော ဆယ် ငွေဈေးတွေ ကျနေသွားတယ်ဆိုတော့ တက်လာမဲ့ကုန်သည်တွေလည်း ချက်ခြင်း တက်လာတော့မှာ မဟုတ်ဘူး။ အရောင်းအဝယ်အေးသွားမဲ့ သဘောတော့ရှိတယ် ” ဟု ဆိုသည် ။

အဆိုပါသတင်းထုတ်ပြန်ချက်အရ တစ်သောင်းတန်ငွေစက္ကူ၏ အရွယ်အစားမှာ ၁၅ × ၇ စင်တီမီတာ ရှိပြီး ပေါ်လွင်ထင် ရှားသော အရောင်မှာ အပြာရောင် ဖြစ်ကြောင်း သိရသည် ။

ငွေစက္ကူအလယ်ဗဟိုတွင် နိုင်ငံတော်မြေပုံနှင့် ၎င်းကို သပြေခက်နှစ်ခက်ဝိုင်းရံထားပြီး မျက်နှာချင်း ဆိုင်တွင် ဆင်ဖြူတော် နှစ်စင်း နှင့်ကြာ ဖြူနှစ်ပွင့် ရိုက်နှိပ်ထားမည်ဟု ဖေါ်ပြထားသည် ။

လက်ရှိ သုံးစွဲနေသည့် ငွေစက္ကူနှင့် အကြွေစေ့များကို တရားဝင်ဆက်လက်သုံးစွဲသွားမည် ဖြစ်ကြောင်း သိရသည် ။

No comments: