Tuesday, June 5, 2012

ဒေါ်စု ဒုက္ခသည်စခန်းခရီး သတင်းထောက်များ ခက်ခဲစွာ သတင်းယူရ

ကောင်းဝါ

ဒေါ်အောင်ဆန်းစုကြည် ခရီးစဉ် သတင်းယူရန် မယ်လဒုက္ခသည်စခန်းသို့ ရောက်ရှိနေသည့် သတင်းထောက်များကို စခန်းတာဝန်ရှိသူများက စခန်းမှ မောင်းထုတ် နေ စဉ် (Photo: Aung Kyaw Oo-Facebook)

ထိုင်းအာဏာပိုင်များက လုံခြုံရေး တင်းကျပ်ထားသည့်အတွက် ဒေါ်အောင်ဆန်းစုကြည်၏ စနေနေ့ မယ်လ ဒုက္ခသည်စခန်း ခရီးစဉ်တွင် ခက် ခဲစွာ သတင်းယူကြရကြောင်း သတင်းထောက်များက ပြော သည်။

စခန်းသို့ ဝင်လာသည့် နိုင်ငံတကာ သတင်းထောက်များနှင့် မြန်မာသတင်းထောက်အချို့ကို သောကြာနေ့ ညနေပိုင်းတွင် စခန်းလုံခြုံရေး တာ ဝန်ယူထားသူများက စခန်းမှ နှင်ထုတ်ခဲ့သည်။

နှင်ထုတ်ခံရသူများထဲတွင် မွန်ဓာတ်ပုံသတင်းထောက် နိုင်ဟံသာလည်း ပါဝင်ပြီး ခက်ခဲစွာ ပြန်လည်ခိုးဝင်ခဲ့ရာမှ ည ၁၁ နာရီခန့်တွင် စခန်းသို့ ပြန်လည်ရောက်ရှိနိုင်ခဲ့သည်ဟု သူက ပြောသည်။

သို့သော်လည်း ထိုင်းအာဏာပိုင်များက ဒေါ်အောင်ဆန်းစုကြည် စခန်းသို့ မရောက်မီ နာရီဝက်ခန့် အလိုတွင် သတင်းထောက်များအား သ တင်းစာရှင်းလင်းပွဲ ရှိသည် ဆိုပြီး ကားပေါ် တက်ခိုင်းကာ စခန်း ပြင်သို့ တဖန်ပို့ လိုက်သည် ဟု နိုင်ဟံသာက ပြောသည်။

“ဒေါ်အောင်ဆန်းစုကြည် စခန်းကို ရောက်တာ နာရီဝက်ကျော်မှ ကျနော် အဲဒီကို ပြန်ရောက်နိုင်တယ်၊ ဓာတ်ပုံရိုက်ကွင်း ကောင်းကောင်း မရ လိုက်ဘူး” ဟု သူက ပြောသည်။

၎င်းပြင် မယ်လ ဒုက္ခသည်စခန်းမှ အပြန်တွင် ဒေါ်အောင်ဆန်းစုကြည်က မယ်တော်ဆေးခန်း၌ လူထုအား မိန့်ခွန်းပြောကြားရန် အစီအစဉ် ရှိသော်လည်း အစီအစဉ် ပျက်သွားသည့်အတွက် သူမကို တွေ့ခွင့်မရလိုက်သည့်အပေါ် စိတ်ပျက်မိကြောင်းလည်း စောင့်ကြိုနေသူများက ပြောသည်။

“အဲဒီမှာ ရှိတဲ့ လူအများစုက စိတ်ပျက်ကြတယ်ပေါ့၊ နိုင်ငံခြားသားတွေလည်း အများကြီးပဲ။ အတော်ကြာကြာ လာစောင့်နေပြီးတော့မှ ဒေါ် အောင်ဆန်းစုကြည် မလာ တဲ့အတွက် စိတ်မကောင်း ဖြစ်ရတယ်” ဟု စောင့်ကြိုနေသူတဦး ဖြစ်သည့် မွန်တိုင်းရင်းသား နိုင်စိုက်ထောက ပြောသည်။


စနေနေ့ နံနက်ပိုင်း မယ်လ ဒုက္ခသည်စခန်းမှ အပြန်တွင် ဒေါ်အောင်ဆန်းစုကြည်က မဲဆောက်လေဆိပ်၌ သတင်းစာ ရှင်းလင်းပွဲလုပ်ပြီး သ တင်းထောက်များ၏ မေးမြန်းချက်ကို ဖြေကြားခဲ့သည်။

မြန်မာနိုင်ငံ သမတကြီး ဦးသိန်းစိန်က ထိုင်းနိုင်ငံသို့ သွားရောက်မည့် ခရီးစဉ်ကို ၂ ကြိမ်တိုင် ရွှေ့ဆိုင်းလိုက်ခြင်းမှာ ဒေါ်အောင်ဆန်းစုကြည်၏ ထိုင်းနိုင်ငံအတွင်း ၆ ရက် လည်ပတ်သည့် ခရီးစဉ်နှင့် ဆက်စပ်နေမည်ကိုလည်း ထိုင်းအစိုးရအနေနှင့် စိုးရိမ်မှု ရှိကြောင်း သိရသည်။

No comments: