Friday, June 22, 2012

လွှတ်တော်ပြင်ပ နိုင်ငံရေးမှာ နိုင်ငံရေး ဆွေးနွေးပွဲက အဓိက ဖြစ်တယ်လို့ NLD ပြော

ကော့လီ

လက်ရှိ မြန်မာ့နိုင်ငံရေး အခြေအနေ အရ လွှတ်တော် ပြင်ပ နိုင်ငံရေး အနေနဲ့ အဓိက လုပ်ရမှာက နိုင်ငံရေးဆွေးနွေးပွဲ (Political Dialouge) ဖြစ်ပေါ်ဖို့ လို တယ်လို့ အမျိုး သား ဒီမိုကရေစီ အဖွဲ့ချုပ် သဘာပတိ အဖွဲ့ဝင် ဦးဝင်းတင် က ပြောကြားလိုက်ပါတယ်။

ဇွန်လ ၂၀ ရက်နေ့ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် နဲ့ ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီ အဖွဲ့ချုပ် တာဝန်ရှိသူများ တွေ့ဆုံ ဆွေးနွေးခဲ့ စဉ် ဦး ဝင်းတင် က အခုလို ပြောလိုက်တာ ဖြစ်တယ်လို့ ဆွေးနွေးပွဲကို တက်ရောက်ခဲ့တဲ့ ရှမ်းတိုင်း ရင်းသားများ ဒီမိုကရေစီ အဖွဲ့ချုပ် တာဝန်ရှိသူ တစ်ယောက်က ကော့လီ ကို ပြောပြပါတယ်။

တိုင်းရင်းသား အသီးသီးက တောင်းဆိုနေတဲ့ သုံးပွင့်ဆိုင် တွေ့ဆုံဆွေးနွေး ရေးကို အဓိက ဦးစားပေး လုပ်သင့်ကြောင်း၊ ဒီလို မလုပ်ဘဲနဲ့ စစ်မှန်တဲ့ ပြည် တွင်း ငြိမ်းချမ်းရေး ရနိုင်မှာ မဟုတ်ကြောင်း၊ တိုင်းရင်းသားတွေရဲ့ ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်နဲ့ တန်းတူညီမျှခွင့်ကို မူအားဖြင့် သဘောတူ လက်ခံတယ် ဆိုပြီး အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် အနေနဲ့ ၁၉၈၈ လောက် ကတည်းက အတိအလင်း ကြေညာထားတာ ရှိ ကြောင်း၊ ဒါ ကြောင့် လည်း ဒေါ်အောင်ဆန်းစုကြည် ကိုယ်တိုင် စစ်မှန်တဲ့ ပြည်ထောင်စု ဖြစ် ပေါ် ဖို့ကို အမြဲပြောနေတာဖြစ်ကြောင်းဦး ဝင်းတင်က အ ကျယ် တဝင့် ဆွေးနွေးခဲ့တယ်လို့ သိရပါတယ်။

လက်ရှိ ငြိမ်းချမ်းရေး ဖော်ဆောင်မှုနဲ့ ပတ်သက်လို့ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် နာယက ဦးတင်ဦး က အစိုးရဟာ အချိန်ကာလ တစ်ခု သတ်မှတ်ပြီး တစ်ပြည်လုံး အတိုင်းအတာ အနေနဲ့ အဖွဲ့အစည်း အားလုံးကို ငြိမ်းချမ်းရေး ကမ်းလှမ်းရမှာ ဖြစ်ကြောင်း၊ တပ်တွေ အားလုံး ကိုယ်ရဲ့ မူရင်း နေမြဲနေရာမှာ ရပ်ထားလိုက်ရင် အပစ်အခတ် ရပ်စဲနိုင်ကြောင်း၊ ဒီနောက် နိုင်ငံရေးကိစ္စ ညှိနှိုင်း ဆွေးနွေး ရမှာ ဖြစ်ကြောင်း၊ နိုင် ငံရေးကို နိုင်ငံရေး နည်းလမ်းနဲ့ မဖြေရှင်းနိုင်ခဲ့လို့ အစိုးရ အဆက်ဆက်ရဲ့ ငြိမ်းချမ်းရေး လုပ်ငန်းတွေ မအောင်မမြင် ဖြစ် ရတာမို့လို့ သင်ခန်းစာ ယူသင့်ကြောင်း ဆွေးနွေးသွားတယ်လို့ သိရပါတယ်။

ဒါ့အပြင် ဦးသန်းထွန်းက ငြိမ်းချမ်းရေး ရဖို့ဟာ ဒီမိုကရေစီ ဖော်ဆောင်ရေး အတွက် အလွန် အရေးကြီးကြောင်း၊ ငြိမ်းချမ်းရေး ရဖို့ နိုင်ငံ ရေး ပါတီတွေကလည်း ဝိုင်းဝန်း ကြိုးပမ်းကြဖို့ လိုတယ်လို့ ဖြည့်စွက် ဆွေးနွေးသွားပါတယ်။

ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီ အဖွဲ့ချုပ် ဘက်ကလည်း ဒီမိုကရေစီ အရေးနဲ့ တိုင်းရင်းသား အရေးကို တပြိုင်နက်တည်း ကိုင်တွယ် ဖြေ ရှင်းမှ မှန်ကန်တဲ့ နိုင်ငံရေး ချဉ်းကပ်မှု ဖြစ်တယ်လို့ ယူဆကြောင်း၊ လွှတ်တော်ထဲမှာချည်း ဖြေရှင်းလို့ မရတဲ့ အရေးအရာတွေ အ များအပြား ရှိကြောင်း၊ ဥပမာ လက်နက်ကိုင် အဖွဲ့တွေနဲ့ ညှိနှိုင်းဆွေးနွေးမှုလို အရေးကိစ္စမျိုးဟာ အစိုးရနဲ့ သက်ဆိုင်ရာ အဖွဲ့တွေ တွေ့ဆုံညှိ နှိုင်းရုံနဲ့ ပြေလည်မှုရဖို့ မလွယ်ကြောင်း၊ တိုင်းရင်းသား အရေးဟာ နှစ် ငါးဆယ် ခြောက်ဆယ် ကတည်းက အခြေတည်ခဲ့တာမို့လို့ ချက်ချင်း လက်ငင်း ပေါ့ပေါ့တန်တန် သဘောထားပြီး ဖြေရှင်းလို့ မရနိုင်ကြောင်း၊ တန်းတူညီမျှမှုပေါ် အခြေခံတဲ့ စေတနာမှန်နဲ့ အချိန် ယူပြီး ဝိုင်းဝန်းကြမှ တိုင်း ပြည်အေးချမ်းမှာ ဖြစ်ကြောင်း ပြန်လည် ဆွေးနွေးခဲ့တယ်လို့ သိရပါတယ်။

အဆိုပါ ဆွေးနွေးပွဲကို ရန်ကုန်မြို့ ရွှေဂုံတိုင်လမ်းရှိ အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် ဗဟိုဌာနချုပ်ရုံးမှာ နံနက် ၁၁ နာရီက စတင်ပြုလုပ် ခဲ့ပြီး အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် ဘက်က သဘာပတိအဖွဲ့ နာယက ဦးတင်ဦး၊ သဘာပတိ အဖွဲ့ဝင် ဦးဝင်းတင်၊ ဦးသန်းထွန်း၊ ဦးဉာဏ်ဝင်း၊ ဦးသိန်းဦး၊ ဦးထွန်းထွန်းဟိန်၊ ဦးအုန်းကြိုင်၊ ဒေါ်မေဝင်းမြင့် တို့ တက်ရောက်ကြပြီး ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီ အဖွဲ့ချုပ် ဘက်က ပါ တီဒုတိယခေါင်းဆောင် စိုင်းညွန့်လွင် နဲ့ ပါတီတည်ထောင်သူ စုစုပေါင်း ၅ ဦး တက်ရောက်ကြတယ်လို့ သိရပါတယ်။

ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီ အဖွဲ့ချုပ် ဟာ ပါတီတည်ထောင်ခွင့် ကျပြီးချိန်က စပြီး ညီညွတ်သော တိုင်းရင်းသားများ မဟာမိတ် (UNA) အဖွဲ့ဝင် တိုင်းရင်းသားပါတီများအပြင် ၈၈ မျိုးဆက် ကျောင်းသားများ အဖွဲ့၊ အမျိုးသား ဒီမိုကရေစီ အင်အားစု (NDF) အဖွဲ့တို့နဲ့လည်း တွေ့ဆုံ ဆွေးနွေးခဲ့ပြီး အခြား ကျန်ရှိနေသေးတဲ့ ပါတီ အဖွဲ့အစည်းတွေနဲ့လည်း နိုင်ငံရေး ဆွေးနွေးမှုတွေ ဆက်လုပ်ဖို့ ရှိတယ်လို့ သိရပါတယ်။

No comments: