Wednesday, June 20, 2012

အစိုးရက စစ်တပ်ကို ထိန်းချုပ် အမိန့် ပေးနိုင်ခြင်း မရှိဟု SSPP ပြော

ကောလီ

အစိုးရတပ်ဖွဲ့များနဲ့ ရှမ်းပြည်တိုးတက်ရေးပါတီ / ရှမ်းပြည်တပ်မတော် အ ကြား ဇွန်လအတွင်း တိုက်ပွဲများ ပြန်လည် ဖြစ်ပွားနေပြီး အစိုး ရ အဖွဲ့က တပ်မတော်ကို အမိန့်ပေး ထိန်းချုပ်နိုင်ခြင်း မရှိဘူးလို့ ရှမ်းပြည် တိုးတက်ရေး ပါတီ ရဲ့ ငြိမ်းချမ်းရေး ဖော်ဆောင်ရေး အဖွဲ့ဝင် ဗိုလ်ကြီး စိုင်းနော်လိတ် က ပြောဆိုလိုက်ပါတယ်။

ဇွန်လ ၁၇ နဲ့ ၂၀ ရက်နေ့ တိုက်ပွဲများ ဖြစ်ပွားခဲ့ပြီးနောက် ဗိုလ်ကြီး စိုင်းနော် လိတ် က ကော့လီ မီဒီယာ ကို အခုလို ပြောကြားလိုက် တာ ဖြစ်ပါတယ်။

ဇွန်လ ၁၇ ရက်နေ့ မိုင်းအွတ်-ဟွေ့လွတ် ဒေသက တိုက်ပွဲနဲ့ ပတ်သက်လို့ မ နေ့က ကျနော် ကိုယ်တိုင် ဗိုလ်မှူးကြီးအောင်သူနဲ့ သွားတွေ့ပါတယ်။ ကျနော် တို့ဟာ အပစ်အခတ်ရပ်ပြီး ငြိမ်းချမ်းရေးကို တည်ဆောက်နေကြပြီ။ ဒါကြောင့် အစိုးရစစ်ကြောင်းတွေ အနေနဲ့ အခုလို ကြိုတင် အကြောင်းမကြားဘဲ ငြိမ်းချမ်းရေး တည်ဆောက်နေတဲ့ နယ်မြေထဲကို လက်နက်နဲ့ အလုံး အရင်း ဝင်လာစရာ အကြောင်း မရှိ ဘူး။ အစိုးရတပ်အနေနဲ့ ကျနော်တို့ နယ်မြေထဲက ဘယ်ကိုသွားချင်သလဲ။ လာပြော။ ဘုန်းကြီး ကျောင်းကို သွားချင်သလား၊ စာသင် ကျောင်းကို သွားချင်သလား၊ ယုတ်စွဆုံး ကျနော်တို့ တပ်စခန်းတွေကို လာကြည့်ပြီး ဓာတ်ပုံရိုက် ချင်သလား။ ကြိုတင် အကြောင်း ကြား ပြီး လာခဲ့။ မှဲ့တစ်ပေါက်မှ မစွန်း စေရဘူး။ ကျနော်တို့က ရန်သူ တွေမှ မဟုတ် တာဗျာ။ တကယ်လို့ အစိုး ရဘက် ငြိမ်းချမ်းရေးကို မလို လား တော့ဘူး ဆိုရင်လဲ ပြော။ အိုကေ ကျနော် တို့လည်း ပြင်ဆင် စရာ ရှိတာ အသင့်ပြင် ထားရ မှာပဲ လို့ ဗိုလ်မှူးကြီး အောင်သူ ကို ပြောခဲ့ ပါတယ်။

ရှမ်းပြည်နယ် အစိုးရ လုံခြုံရေးနှင့် နယ်စပ်ရေးရာဌာန ဝန်ကြီး ဗိုလ်မှူးကြီးအောင်သူ ကလည်း မိမိတို့အစိုးရအဖွဲ့ အနေနဲ့ တပ်မတော်ကို စစ် ရေး ဆက်လက်မလှုပ်ရှားဖို့ အတန်တန် အကြောင်းကြားထားတဲ့ကြားထဲက အခုလို ထပ်မံဖြစ်ပွားရတဲ့ အတွက်ကြောင့် တောင်းပန်ပါ ကြောင်း၊ ဘာကြောင့် အခုလို ဖြစ်ပွားရတယ်ဆိုတာကို မိမိကိုယ်တိုင်လည်း နားမလည်နိုင်အောင် ဖြစ်နေပါကြောင်း ပြန်ပြောတယ်လို့ ဗိုလ်ကြီး စိုင်းနော်လိတ် က ပြောပြပါတယ်။

အခုတိုက်ပွဲများကို မိုင်းနောင် အခြေစိုက် အမှတ်(၂) စစ်ဆင်ရေးကွပ်ကဲမှုဌာနချုပ်က ဦးစီးတိုက်ခိုက်နေတာဖြစ်တယ်လို့ သိရပြီး အခု တိုက် ပွဲများနဲ့ ပတ်သက်လို့ စကခ(၂)မှ အရာရှိများက မိမိတို့ဟာ တပ်မတော်ဖြစ်တယ်၊ မိမိတို့ ရှင်းလင်းလိုရာဒေသကို မိမိတို့သဘောနဲ့ ဝင် ရောက် ရှင်းလင်းသွားမှာဖြစ်တယ်၊ ဒါကြောင့် တခြား လက်နက်ကိုင် တပ်ဖွဲ့များ အနေနဲ့ မိမိတို့ စစ်ကြောင်းများ လာရောက်ရင် ရှောင်ရှား ပေးရ မယ်လို့ ပြောကြောင်း SSA အရာရှိတစ်ဦးက ကော့လီကို ပြောပါတယ်။

ဒီကနေ့ ဇွန်လ ၂၀ ရက်နေ့ နံနက် ၅ နာရီ ၂၀ မိနစ် အချိန် မိုင်းရှူးမြို့နယ် ဟွေ့လွတ်ကျေးရွာ အနောက်ဘက်ရှိ SSA တပ်ဖွဲ့များ အခြေ စိုက် ရာကို အစိုးရတပ်ဖွဲ့က ဝင်ရောက်တိုက်ခိုက်ခဲ့တယ်လို့ သိရပြီး နံနက် ၇ နာရီ ၃၀ မိနစ်အထိ တိုက်ခိုက်နေကြဆဲလို့ သိရပါတယ်။ ဒီကနေ့ တိုက်ပွဲရဲ့ နှစ်ဖက်တပ်ဖွဲ့ ထိခိုက်ဒဏ်ရာရစာရင်းကို မသိရသေးပေမယ့် ဟွေ့လွတ်ရွာ တောင်ဘက်ကို ကျရောက်ပေါက်ကွဲတဲ့ အစိုးရတပ်ရဲ့ လက်နက်ကြီးကျည်များကြောင့် ဟွေ့လွတ်ရွာက နန်းပွီ. အမည်ရှိ အမျိုးသမီးတစ်ဦး ဒဏ်ရာရရှိသွားတယ်လို့တော့ သိရပါတယ်။

ဒီတိုက်ပွဲနဲ့ ပတ်သက်လို့ တောင်ကြီးမြို့ကို ရောက်ရှိနေတဲ့ ဗိုလ်ကြီး စိုင်းနော်လိတ် က ဗိုလ်မှူးကြီးအောင်သူ ကို ဒီကနေ့ ဇွန်လ ၂၀ ရက်နေ့ မနက်စောစောမှာပဲ ဖုန်းဆက် ကန့်ကွက်ပြောဆိုထားပြီး ပြည်ထောင်စု ငြိမ်းချမ်းရေး ဖော်ဆောင်ရေး လုပ်ငန်းကော်မတီ ဒုတိယ ဥက္ကဋ္ဌ တစ်ဦးဖြစ်တဲ့ ဦးသိန်းဇော် ကို ကြိုးစား ဆက်သွယ်ပေမယ့် ဆက်သွယ်လို့ မရသေးဘူးလို့ သိရပါတယ်။

ဇွန်လ ၁၇ ရက်နေ့က မိုင်းရှူးမြို့နယ် မိုင်းအွတ်-ဟွေ့လွတ် ဒေသမှာ အစိုးရတပ်နဲ့ SSA တပ်များ တိုက်ပွဲဖြစ်ပွားခဲ့ရာ အစိုးရဖက်မှ ၃ ဦး သေ ဆုံးပြီး ၆ ဦး ဒဏ်ရာရကာ မိုင်းရှူးဆေးရုံကို ပို့ဆောင်ကုသနေရတယ်လို့ သိရပါတယ်။

No comments: