Thursday, November 22, 2012

စိုင်းအောင်မြတ်အား တရုတ်အစိုးရထံမှ ပြန်ခေါ်ပေးရန် သမ္မတ ကြီးထံ မိသားစု တောင်းဆို

သျှမ်းသံတော်ဆင့်

ရွှေတြိဂံဒေသ မူးယစ်ရာဇာ စိုင်းနော်ခမ်းအမှုအတွက် မြန်မာနိုင်ငံဘက်မှ သက်သေအဖြစ် တရုတ်အစိုးရထံ ယာယီ လွှဲအပ်ခြင်းခံရသည့် စိုင်းအောင်မြတ်အား ပြန်ခေါ်ယူပေးရန် မိသားစုဝင်များက မြန်မာသမ္မတ ဦးသိန်းစိန် ထံ စာရေးတင်ပြတောင်းဆိုထားသည်ဟု မိသားစု အသိုင်းအဝိုင်းကပြောပါသည်။

“ကျမတို့ သောကြာနေ့က တင်လိုက်တာပါ။ စိုင်းနော်ခမ်းကို သေဒဏ်ပေးလိုက်ပြီဆိုတော့ စိုင်းအောင်မြတ်ကို နေရပ်ပြန်ပို့ပေးသင့်ပြီလေ။ အခုမှာ သူ့မိန်းမကလဲ ကလေးသုံးယောက် နဲ့ အငယ်ဆုံးက လပိုင်းလောက်ပဲ ရှိသေးတာ။ အဲဒါကြောင့် စိုင်းအောင်မြတ်ကို ပြန်ခေါ်ပေးဖို့ နိုင်ငံတော် သမ္မတကြီးဆီ စာတင်လိုက်ရတာ ဖြစ်တယ်” - ဟု မိသားစု အသိုင်းအဝိုင်း တဦးကပြောပါသည်။

သျှမ်းပြည်အရှေ့ပိုင်း တာချီလိတ် ခရိုင် မိုင်းဖုန်းကျေးရွာအုပ်စု တာဆမ်ဖူးရွာနေ စိုင်းအောင်မြတ် ၏ ဇနီး နန်းအွန်၊ သား စိုင်းနော်၊ သမီး နန်းလောင်(ဝ်)ဆိုင်၊ လပိုင်းအရွယ် နန်းဇံဟွမ် တို့မှ နိုင်ငံတော် သမ္မတကြီးထံ စာရေးတောင်းဆိုခြင်းဖြစ်သည်။

“နီးစပ်တဲ့ဆွေမျိုးတွေကဘဲ ကျွေးမွေးထားရတာပေါ့။ စိုင်းအောင်မြတ်ရဲ့ မိန်းမ က ကလေးနဲ့ဆိုတော့၊ စိုင်း အောင်မြတ်ကို အစိုးရလာခေါ် သွား တုန်းက သူ့ရဲ့ အငယ်ဆုံးသမီး က ၂ လ ကျော်ဘဲရှိသေးတယ်။ ငြိမ်းချမ်း ချင် လို့ လက်နက်ချတာဘဲ။ အခုကတော့ သူ့ရဲ့မိသားစု တွေက အရမ်းအခက်အခဲဖြစ်နေတယ်” - ဟု ဆွေမျိုး အသိုင်းအဝိုင်းက ပြောပါသည်။

စိုင်းနော်ခမ်းနှင့်အဖွဲ့အား တရားရုံးမှ အမြန် ဆုံးအမှုစီရင်ဆုံးဖြတ်နိုင်ရေးအတွက် ယခုနှစ် ဩဂတ်စ် ၂၈ ရက် နံနက် ၄ နာရီ၌ စိုင်းအောင် မြတ်အား မြန်မာအစိုးရက တရုတ်အစိုးရထံသို့ နိုင်ငံတော်သက်သေအဖြစ် ယာယီ လွှဲအပ်ပေးခဲ့ခြင်း ဖြစ်သည်ဟု မြန်မာ့အလင်း သတင်း စာကဆိုပါသည်။

၂၀၁၂ နိုဝင်ဘာ ၆ ရက်နေ့၌ တရုတ်တရားရုံးက စိုင်းနော်ခမ်းနှင့်အဖွဲ့ဝင် ၄ ဦးကို သေဒဏ်ချမှတ်လိုက်သော် လည်း စိုင်းအောင်မြတ်ကို မြန်မာအစိုးရထံ ပြန်လည်လွှဲအပ်ပေးခြင်းမရှိသေးပေ။

၂၀၁၁ အောက်တိုဘာ ၅ ရက် မဲခေါင်မြစ်အတွင်း တရုတ်စက်လှေနှစ်စီးအားပြန်ပြေးဆွဲပြီး တရုတ် လှေသား ၁၃ ဦး သတ်ဖြတ်ခံရသည့် အမှုတွင် စိုင်းနော်ခမ်း၏ ဒုလက်ထောက်ဖြစ်သည့် စိုင်းအောင်မြတ်က တိုက်ရိုက် ပါဝင် ပတ် သက်သည်ဟု ထိုင်းသတင်းစာများက ရေး သားသည်။

No comments: