Friday, April 12, 2013

ကောလာဟလ များကြောင့် အကြိမ်ကြိမ်ရှင်းရသည့် ရေကျော် ဗလီမီး

ခိုင်ခိုင်

ဆော်ဒီကီးယား ဗလီ မီးလောင်မှုကို ရှင်းလင်းရသည်မှာ ကောလာဟလ များကြောင့် မဆုံးနိုင် ဖြစ်နေခဲ့ကြောင်း ရန်ကုန်တိုင်း ဝန်ကြီးချုပ်က ပြောဆိုလိုက်သည်။

ဧပြီလ ၂ ရက်နေ့က ဗိုလ်တထောင်မြို့နယ်ရှိ ရေကျော် ဗလီ မီးလောင်မှုကို စုံစမ်းစစ်ဆေးရေး အဖွဲ့မှ ၁ ကြိမ်၊ တိုင်းအစိုးရအဖွဲ့မှ ၅ ကြိမ် ရှင်းလင်းပြောဆိုခဲ့ရပြီးနောက် အစ္စလာမ် အဖွဲ့ကြီးများ ကိုယ်တိုင်က စုံစမ်းတွေ့ရှိ ရချက်ကို လက်ခံကြပြီးဖြစ်ကြောင်း ဗုဒ္ဓဟူးနေ့ က တိုင်းအစိုးရရုံး၌ ပြုလုပ်သော သတင်းစာရှင်းလင်းပွဲ တွင် ဦးမြင့်ဆွေ က ပြောဆိုသွားသည်။

မီးလောင်မှုတွင် စာသင်သား ကလေး ၁၃ ဦး သေဆုံး ခဲ့ရမှုနှင့် ပတ်သက်၍လည်း ဗလီ တာဝန်ခံ ဆရာ ဦးဇေယျာဖြိုး အား ပြစ်မှုဆိုင်ရာ ဥပဒေပုဒ်မ ၃၀၄ (က) ပေါ့ဆမှုကြောင့် လူသေမှုဖြင့် အမှုဖွင့် အရေးယူထားပြီး ထိုက်တန်စွာ အပြစ်ပေးမည်ဟု ဝန်ကြီးချုပ်က ဆိုသည်။

“ဗလီမှာ ညအိပ်တဲ့ တာဝန်ခံဆရာ ဖြစ်တဲ့ ဇေယျာဖြိုးကို အပြစ်ပေးသွားမှာပါ။ သူ ရိုးရိုးသားသား ပြောလို့ရှိရင်ကောလာဟလ ဆိုတာ ထွက်လာမှာ မဟုတ်ဘူး။ သူ အစကတည်းက 'ကျနော် မေ့သွားတယ် မသိလိုက်လို့ပါ' ဆိုရင် ကိစ္စတွေက ဒီလောက် ရှုပ်လာမှာ မဟုတ်ဘူး” ဟု ဦးမြင့်ဆွေ က မီဒီယာများကို ပြောသည်။

“တရားစီရင်ရေးကို ဘာလုပ်ပါ ညာလုပ်ပါလို့ ကျနော်တို့က ပြောပိုင်ခွင့်မရှိဘူး။ ကျနော်တို့က အုပ်ချုပ်ရေး ပိုင်းက ဆိုတော့ ဝင်စွက်ဖက်လို့ မရဘူး။ သူတို့ရဲ့ သဘောထားကို သေသေချာချာ သိသွားပြီ။ ကျနော်တို့သေသေချာချာ ရှင်းပြလိုက်လို့ သံသယတွေ ရှင်းသွားပါတယ်” ဟု ၎င်းက ဆက်ပြောသည်။

ပြစ်မှုဆိုင်ရာ ဥပဒေ ပုဒ်မ ၃၀၄(က) အရ ပြစ်မှုထင်ရှားပါက ထောင်ဒဏ် ၇ နှစ် အမြင့်ဆုံး ချမှတ်နိုင်ပြီး အခြားရည်ရွယ်ချက်များ ပါသည်ဟု ထင်ရှားပါက ထောင်ဒဏ် ၁၀ နှစ် အထိ အမြင့်ဆုံး ချမှတ်နိုင်သည်။

ပြင်ပတွင် ကောလာဟလများမှာ သံသယဖြစ်စရာများ ရှိသည်ဟု ပြောဆိုနေကြသော်လည်း စုံစမ်းစစ်ဆေး လိုက်သောအခါ သံသယဖြစ်စရာများမှာ ရှင်းလင်းသွားပြီဟု ဝန်ကြီးချုပ်က ဆက်ပြောသည်။

“အပြင်မှာ ကောလာဟလတွေ ထွက်သလို ဘယ်ဘာသာကမှ လာရှို့တာ မဟုတ်ဘူး။ မီးအားမြှင့်စက် အပူလွန်ကဲလို့ လောင်တာပါ” ဟု ဦးမြင့်ဆွေ က ယတိပြတ် ပြောသည်။

မီးအားမြှင့်စက်နှင့် ထိတွေ့နေသော သစ်သားခုံ အပိုင်းများ ညပိုင်းတွင် အပူလွန်ကဲပြီး အခန်းအတွင်း ထည့်ထားသည့် မီးလောင်လွယ်သည့် ဖိနပ်နှင့် အတိုအစ ပစ္စည်းများ မီး စတင်လောင်ကျွမ်းပြီး သိုလှောင်ထား ရှိသည့် ဒီဇယ်ပုံးသို့ မီးကူးစက်ရာမှ မီးလောင်မှု ဖြစ်ပွားခဲ့သည်ကို တွေ့ရကြောင်း စုံစမ်းစစ်ဆေးရေးခုံရုံး၏ အစီရင်ခံစာကို ရန်ကုန်တိုင်း အစိုးရအဖွဲ့ အတွင်းရေးမှူး ဦးခင်မောင်သိန်း က မီဒီယာများကို ရှင်းပြသည်။

ထပ်ခိုးသို့ တက်သော လှေကားခွင်တွင် မီးလောင်ထားသော မီးအားမြှင့်စက်ကို တွေ့ရသည့်အပြင် အခြား မီးလောင်နိုင်သောပစ္စည်းများ သိုလှောင်ထားသဖြင့် လောင်ကျွမ်းသည်ဟု ယူဆကြောင်း စုံစမ်းစစ်ဆေးရေး အဖွဲ့၏ အစီရင်ခံစာက ဆိုသည်။

မီးအားမြှင့်စက်ကို မျက်မြင်စစ်ဆေးရာတွင် ဘေးဖက်နှင့် ကိုယ်ထည် အပေါ်ဘက်တို့တွင် မီးလောင်သည့်ဒဏ်ပြင်းပြင်းထန်ထန် မဖြစ်ပေါ်ဘဲ စက်အတွင်းမှ ကြိုးနီ၊ ကြေးနီကြိုး ပတ်ထားသော ကွိုင်များမှာ အရည်ပျော်လုနီး အပူဒဏ်ကို ခံထားရ၍ ရှို့မီး မဟုတ်ကြောင်း ဦးခင်မောင်သိန်း က ရှင်းပြသည်။

စုံစမ်းစစ်ဆေးရေးအဖွဲ့သည် မီးလောင်မှုတွင် ပါဝင်ငြိမ်းသတ်ခဲ့သူများ၊ ဗလီအတွင်း နေထိုင်သော ဆရာများနှင့်ကျောင်းသားများ၊ အစ္စလာမ် ဘာသာရေးအဖွဲ့မှတာဝန်ရှိသူများ၊ လူမှုရေး အဖွဲ့အစည်းများမှ ပုဂ္ဂိုလ်များ၊ အသက်ရှင် ကျန်ရစ်သူ ကျောင်းသားငယ်များ စသည့် သက်သေ ၄၃ ဦးအား ခေါ်ယူစစ်ဆေးခဲ့ သည်ဟု ရန်ကုန်တိုင်း အစိုးရအဖွဲ့အတွင်းရေးမှူး ဦးခင်မောင်သိန်း က ပြောသည်။

ကလေးငယ် ၁၃ ဦး သေဆုံးရခြင်းမှာ ဗလီတာဝန်ရှိ ဆရာနှစ်ဦးမှ အချိန်မီ ကယ်ထုတ်ရန် အားနည်းခြင်း၊ မီးလောင်သည့်အချိန် ကြာမြင့်သည်နှင့် မီးခိုးများ အပေါ်ထပ်ခိုးသို့ စုပုံရောက်ရှိ သွားကာ အိပ်မောကျနေသည့် အချိန် ဖြစ်၍ အသက်ရှူ မွန်းကြပ်ခြင်း၊ သတိရ၍ ထွက်ပြေးရာတွင်လည်း မီးခိုးများဖြင့်ပြည့်နေသဖြင့် ထွက်ပေါက်ကို ရှာမတွေ့ခြင်းတို့ကြောင့် သေဆုံးရခြင်း ဖြစ်သည်ဟု သုံးသပ်ကြောင်း မှုခင်း ဆရာဝန်၏ ရင်ခွဲစစ်ဆေးချက်အား ကိုးကားပြောဆိုသည်။

မီးလောင်စဉ် ဗလီ တာဝန်ရှိသော ဆရာမှာ မီးသတ်ရန်သာ အာရုံရှိနေပြီး ကလေးများအား ကယ်ရန်မေ့လျော့ခဲ့၍ကျောင်းသား ၁၃ ဦးသေဆုံးခဲ့ရခြင်းဖြစ်ကြောင်းစုံစမ်းစစ်ဆေးရေးအဖွဲ့၏အစီရင်ခံစာတွင်ဖော် ပြ ပါရှိသည်။


စုံစမ်းစစ်ဆေးရေးအဖွဲ့ကို မီးလောင်ကျွမ်းသည့် ဧပြီလ ၂ ရက်နေ့ကပင် တိုင်း အစိုးရအဖွဲ့က ဖွဲ့စည်း တာဝန်ပေးခဲ့သည်။ ထိုအဖွဲ့တွင် ရန်ကုန်မြို့တော် လျှပ်စစ်ဓာတ်အားပေးရေးဌာနမှ အတွင်းရေးမှူး ဦးတိုးအောင် (အဖွဲ့ခေါင်းဆောင်)၊တိုင်း မီးသတ်ဦးဌာနမှ တိုင်းဒေသကြီး ဦးစီးမှူး ဦးကြည်ဝင်း၊ ရန်ကုန်တိုင်း သာသနာရေးဦးစီးဌာနမှ တိုင်း ဦးစီးမှူး ဦးအောင်ကြည်၊ ရန်ကုန်တိုင်း ရဲတပ်ဖွဲ့မှူး ရုံးမှ ဒုတိယတိုင်းဒေသကြီး ရဲတပ်ဖွဲ့မှူး ရဲမှူးကြီးသက်လွင်၊ အရှေ့ပိုင်းခရိုင် အထွေထွေ အုပ်ချုပ်ရေး ဌာနမှ ခရိုင်အုပ်ချုပ်ရေးမှူး ဦးလှိုင်စိုးသန့်၊ ရန်ကုန်မြို့တော် လျှပ်စစ် ဓာတ်အားပေးရေး အဖွဲ့ လက်ထောက် အင်ဂျင်နီယာချုပ် ဦးလှကြိုင်၊ စက်မှုဝန်ကြီးဌာန၊ စက်မှု ကြီးကြပ်ရေးနှင့်စစ်ဆေးရေး ဦးစီးဌာနမှ ဒုတိယ ညွှန်ကြားရေးမှူး ဦးခိုင်မြင့်တို့ ပါဝင်သည်။

No comments: