Friday, April 12, 2013

မဒေးကျွန်းတွင် ရွာသားများသဘောထားဖြင့် CNPC ကုမ္ပဏီကို ဆန္ဒပြသွားမည်ဟု သိရ

ဇင်ကီး

မဒေးကျွန်းဒေသရှိ ဒေသခံများ အစည်းအဝေးပြုလုပ်လျှက်ရှိပြီး ရွာသားများမှ ဆန္ဒပြရန် သဘောတူညီမှုရရှိပါက ယနေ့တွင် CNPC ကုမ္ပဏီကို ဆန္ဒပြသွားမည်ဖြစ်ကြောင်း သိရသည်။

“ ကျနော်တို့ ရွာမှာ လူစုနေကြပါတယ်၊ လက်ရှိမှာတော့ လူတစ်ရာလောက်ရောက်နေပြီ၊ သတ်မှတ်ထားတဲ့ လူ ၂၅၀ ရောက်လာလို့ သူတို့တွေက ဆန္ဒပြမယ်လို့ပြောရင် ဆန္ဒပြသွားမယ်၊ နေ့လယ် ၁ နာရီဆိုရင် ကျနော်တို့ ဆန္ဒပြဖြစ်မယ်၊ မဖြစ်ဘူးဆိုတာ သိရပါမယ်။ ” ဟု ယနေ့ နံနက် ၁၀ နာရီ ခွဲခန့်တွင် ကိုထွန်းကြည်က ဆိုသည်။

CNPC ကုမ္မဏီအား မဒေးကျွန်းဒေသခံများမှာ ဆန္ဒပြန်ရန် ကျောက်ဖြူမြို့ ရဲတပ်ဖွဲ့ရုံးတွင် ခွင်ပြုချက်တင်ခဲ့ရာ မတ်လ ၂၉ ရက်နေ့က ပယ်ချသဖြင့် ပြည်နယ် ရဲတပ်ဖွဲ့ရုံးတွင် ဧပြီလ ၅ ရက်နေ့က အယူခံဝင်ပြီး ဧပြီလ ၁၁ ရက်နေ့တွင် ဆန္ဒပြရန် ခွင့်ပြုချက်တင်ခဲ့သော်လည်း ပယ်ချခဲ့ခြင်းဖြစ်ရာ ယနေ့တွင် ဒေသခံများ စုဝေးကာ ဆန္ဒပြမည်၊ မပြမည်ကို ဆုံးဖြတ်သွားမည် ဖြစ်ကြောင်း သိရသည်။

“ ကျနော်တို့က ဆန္ဒပြဖို့အတွက် သင်္ကြန်ကို စဉ်းစားနေရတယ်၊ နောက်ပြီး လုံခြုံရေးကို စဉ်စားရတယ်၊ သတင်းထောက်တွေလည်း မရှိဘူး၊ ကျနော်တို့က ဆန္ဒပြလို့ အကြမ်းဖက်ခံရမယ်ဆိုရင် ဘယ်သူမှ သိလိုက်မှာ မဟုတ်ဘူး၊ ရိက္ခာတွေအစုံနဲ့ လုံခြုံရေး တင်းကြပ်ထားတယ်၊ လုံခြုံရေး ငါးဆယ်၊ ခြောက်ဆယ် ချထားတယ်၊ CNPC ကုမ္မဏီထိ လမ်းလျှောက်ချီတက် ဆန္ဒပြသွားမယ်လို့ စာတင်ထားတယ်၊ ကျနော်တို့ ကုမ္မဏီကို ရောက်ဖို့အတွက် လမ်းမှာ တားဆီးခံရမယ့်နေရာ သုံးနေရာလောက်ရှိတယ်၊ ပထမနေရာကိုကျော်ဖြတ်၊ ဒုတိယ တစ်နေရာကို ကျော်ဖြတ်၊ တတိယ တစ်နေရာကို ကျော်ဖြတ်ပြီးနောက်ပိုင်းမှာ အကြမ်းဖက်ပြီးရင် အရေးယူမယ်ဆိုပြီး သတင်းတွေထွက်နေပါတယ်၊” ဟု ကိုထွန်းကြည်က ပြောသည်။

ဧပြီ ၁၀ နေ့က မဒေးကျွန်း ဥက္ကဌ ဦးအောင်ထွန်းမြထံတွင် ကျောက်ဖြူမြို့နယ် ဥက္ကဌ ဦးကျော်သူစိုးအမည်ဖြင့် မဒေးကျွန်းတွင် ပုဒ်မ ၁၄၄ ထုပ်ပြန်ကြောင်း အမိန့်စာတစောင် ရောက်ရှိနေပြီး ၅ ဦးထက်အပို လူမစုရကြောင်း၊ ဧပြီလ ၁၀ ရက်နေ့ ညနေ၉ နာရီခန့်က ကျောက်ဖြူမြို့တွင် “ လမ်းကျော်လမ်းကြား လမ်းမကြီးများတွင် လူမစုရ၊ နောက်အမိန့်တခု မထွက်မချင်း ဆက်လက်တည်ရှိသည် ”ဟု ကျောက်ဖြူနယ် ဥက္ကဌ ဦးကျော်သူစိုးမှ အမိန့်ထုတ်ပြန်ထားကြောင်းကို Arakan Civil Society Network ဖေ့စ်ဘုတ်စာမျက်နှာတွင် ဖော်ပြထားသည်။

No comments: