ABC
မိတ္ထီလာမြို့မှာ မတ်လ ၂၀ ရက်နေ့က နယူးဝိန့်စိန်ရွေဆိုင်မှာ ဖြစ်ပွားခဲ့တဲ့ ပဋိပက္ခတွေနဲ့ ပတ်သက်ပြီး ရွှေဆိုင်ပိုင်ရှင်နဲ့ ပဋိပက္ခမှာ ပါဝင်သူတချို့ကို မိတ္ထီလာမြို့နယ် တရားရုံးကနေ မနေ့က ထောင်ဒဏ် ၁၄ နှစ်စီ ချမှတ်လိုက်တယ်လို့ သိရပါတယ်။
နယူးဝိတ်စိန်ရွှေဆိုင်မှာ ရွှေလာရောင်းတဲ့ လင်မယား၂ဦး အရိုက်နှက် ခံခဲ့ရပြီးနောက် ဒေသခံတွေက ဆိုင်ပိုင် ရှင်အပေါ် မကျေမနပ်ဖြစ်ပြီး ရွှေဆိုင်ကို ၀င်ရောက်ဖျက်ဆီးခဲ့ပြီး မီးရှို့မှုတွေဖြစ်ပွားခဲ့ရာကစတင်ပြီး လူပေါင်း ၄၀ သေဆုံး ရတဲ့အထိ ပြဿနာက ပြန့်နှံ့ ခဲ့တာဖြစ်ပါတယ်။
မိတ္ထီလာမြို့မှာ ဖြစ်ပွားခဲ့တဲ့ ပဋိပက္ခတွေနဲ့ ပတ်သက်ပြီး မိတ္ထီလာမြို့အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် အဖွဲ့ဝင်တ ဦးဖြစ်သူ ဦးတင်ကိုကိုက နယူးဝိန့်စိန်ရွှေဆိုင်ပိုင်ရှင် ဦးထွန်းထွန်းဦး(ခ)အာရှစ်၊ ဇနီးဖြစ်သူ ဒေါ်မြင့်မြင့်အေးနဲ့ အလုပ်သမား ညီညီ(ခ) မင်းအောင်တို့ကို ထောင်ဒဏ် ၁၄နှစ်စီ အပြစ်ဒဏ်ချမှတ်ခဲ့တဲ့အကြောင်း၊ အခုအခါ သူတို့ ၃ဦးကို မြင်းခြံထောင်ကို ပို့ဆောင်မယ်လို့ သိရတဲ့အကြောင်းပြောပါတယ်။
မိတ္ထီလာမြို့မှာပဋိပက္ခတွေ ဖြစ်ပွား ခဲ့ပြီးနောက် သက်ဆိုင်ရာအာဏာပိုင်တွေက ပုဒ်မ ၁၄၄ကို ထုတ်ပြန်ခဲ့ပြီး ဒီကနေ့အထိ ပြန်လည်ရုတ်သိမ်းခြင်း မရှိသေးတဲ့အတွက် ပုဒ်မ ၁၄၄ထုတ်ပြန်ထားတဲ့ မြို့နယ် ၄မြို့နယ်မှာ သင်္ကြန် ပွဲတွေကျင်းပမှာ မဟုတ်ဘူးလို့ ဦးတင်ကိုကိုက ပြောပါတယ်။
လက်ရှိမှာ အခြေအနေ ငြိမ်သက်နေပေမယ့် ပဋိပက္ခတွေကြောင့် မိတ္ထီလာမြို့မှာ အိုးအိမ်မဲ့ ဒုက္ခသည် ၉ထောင်ကျော်ဟာ ဒုက္ခသည်စခန်း ၇ခုမှာ နေထိုင် နေရဆဲဖြစ်ပြီး ဒီဒုက္ခသည်တွေအတွက် အိမ်ယာတွေပြန်ဆောက်လုပ်နိုင်ရေးအတွက် သက်ဆိုင် ရာက လာမဲ့အပတ်မှာ စတင်ဆောက်လုပ်ဖို့ ပြင်ဆင်နေပြီလို့ ပြောပါတယ်။
ဒုက္ခသည်တွေ နေထိုင်စားသောက်ရေးအတွက် အစိုးရဘက်က အကူအညီပေးတာတွေရှိသလို လူမှုရေး လုပ် ဆောင်နေတဲ့ အသင်းတွေကလည်း လာရောက်အကူအညီပေးတာတွေ ရှိတယ်လို့သိရပြီး ဒုက္ခ သည်တွေအတွက်အိမ်တွေ အမြန်ဆုံးဆောက်လုပ်နိုင်ရေးအတွက် အကူအညီပေးရေးအဖွဲ့တွေက အလှူငွေ ကောက်ခံနေတယ်လို့ ဦးတင်ကိုကိုက ပြောပြတဲ့အကြောင်း ရေဒီယိုသြစတြေးလျ သတင်းထောက် မြတ်မိုးက သတင်းပေးပို့ခဲ့ပါတယ်။
No comments:
Post a Comment