Tuesday, May 14, 2013

မောင်တောမြို့နယ် တွင် မုန်တိုင်း ကယ်ဆယ်ရေး အဖွဲ့များ ကျေးရွာအလိုက်ဖွဲ့စည်း

မောင်အေး

ရခိုင်ပြည်နယ် အနောက်ဘက် မောင်တောမြို့နယ်ရှိ ကျေးရွာများတွင် ယမန်နေ့က စတင်ပြီး မုန်တိုင်း ကယ်ဆယ်ရေး အဖွဲ့များကို အာဏာပိုင်များမှ ဖွဲ့စည်းနေကြောင်း သတင်း ရရှိသည်။

၎င်းကယ်ဆယ်ရေးအဖွဲ့များကို နယ်မြေအလိုက် နစက တာဝန်ရှိသူများလာရောက် ဖွဲ့စည်း ပေးခြင်းဖြစ် ကြောင်း ကယ်ဆယ်ရေးအဖွဲ့တွင် ပါဝင်သူ နံသာတောင် ကျေးရွာသား တစ်ဦးက ပြောသည်။

“တကယ်လို့ မုန်တိုင်းဖြစ်လာရင် ကယ်ဆယ်ရေးလုပ်ငန်းတွေကို လုပ်ဖို့ ရွာကနေ သန်မာတဲ့ ယောင်္ကျား၊ မိန်းမ တွေကို အဖွဲ့ ၂ ဖွဲ့ ပြီး ဖွဲ့စည်းပေးပါတယ်။ တစ်ဖွဲ့မှာ ၁၅ ဦးစီ ပါဝင်ပါတယ်” ဟု သူက ဆိုသည်။

မုန်တိုင်း ကယ်ဆယ်ရေး အဖွဲ့များသည် အကယ်၍ မုန်တိုင်း တိုက်ခတ်ပါက သက်ကြီးရွယ်အိုများနှင့် ကလေးသူငယ်များကို ကူညီ စောင့်ရှောက်ရန်၊ ဘေးကင်းရာသို့ ရွှေ့ပြောင်းရန်၊ ထိခိုက် ဒဏ်ရာ ရသူများ ရှိလျှင်လည်း နီးစပ်ရာ ဆေးခန်းများသို့ ပို့ဆောင်ရန်၊ ရွာသူရွာသားများအား အစားအစာများ ဝေဌရန် စသည့် လုပ်ငန်းများကို လုပ်ဆောင်ကြရမည်ဟု သိရသည်။

ယခုကဲ့သို့ မုန်တိုင်း အန္တရယ် ကယ်ဆယ်ရေး အဖွဲ့ငယ်များကို နစက တာဝန်ရှိသူများက နယ်မြေ အလိုက် ဖွဲ့စည် ပေးနေခြင်း ဖြစ်သည်။

ယခုကဲ့သို့ တာဝန်ရှိသူများမှ မုန်တိုင်း ကယ်ဆယ်ရေး အဖွဲ့များ ကျေးရွာ အလိုက် ဖွဲ့စည်း ပေးနေသလို အခြား တဘက်တွင်လည်း အန္တရာယ်ကျရောက်နိုင်သည့် ကျေးရွာများကိုလည်း ရွှေ့ပြောင်း ပေးရန် စီစဉ်နေကြောင်း သိရသည်။

ထိုသို့ ရွှေ့ပြောင်းရမည့် အထဲတွင် မောင်တောမြို့ အောင်ဗလကျေးရွာလည်း ပါဝင်ကြောင်း သိရသည်။

အောင်ဗလ ကျေးရွာသားများကို လေးမိုင်ကျေးရွာသို့ ပြောင်းရွေ့နေကြရန် မေလ ၁၂ ရက်နေ့ ညနေ ၁၂ နာရီခန့်တွင် တစ်ကြိမ်၊ ယနေ့ နံနက်ပိုင်းက တစ်ကြိမ် အာဏာပိုင်များ လာရောက် ပြောဆို ခဲ့သည်ဟု အောင်ဗလ ဆရာတော်ကြီးက ပြောသည်။

“ ခုနကဘဲ ကွပ်ကဲရေးမှူး ဦးဆောင်တဲ့အဖွဲ့ ရောက်လာတယ်။ ဒီနေ့ကတည်းက အမျိုးသမီးတွေ၊ သက်ကြီး တွေနဲ့ ကလေးတွေကို ပြောင်းထားဖို့လာပြောတယ်။ ဒါပေမဲ့ အခုလောလောဆယ် ရာသီဥတု ကောင်းနေ သေးတဲ့အတွက် မနက်ဖန်ပြောင်းမယ်ဆိုပြီး ရွာသားတွေက ပြောလိုက်တယ်။ သူတို့ကတော့ မြန်မြန်ပြောင်းစေ ချင် တယ်။ နောက်ကျမှာကို စိုးရိမ်နေကြတယ်” ဟု အောင်ဗလ ဆရာတော်ကြီးက ဆိုသည်။

အလားတူ မောင်တွင်မြို့တွင်လည်း မုန်တိုင်း တိုက်ခတ်မှု ဖြစ်ပေါ်ခဲ့လျှင် မုန်တိုင်းခို နေရာများ အဖြစ် ဘုန်းတော် ကြီးကျောင်းတချို့ကို အာဏာပိုင်များမှ သတ်မှတ်ပေးထားကြောင်း သိရသည်။

ယခင်က အစိုးရလက်ထက်က ယခုကဲ့သို့ အာဏာပိုင်များက ဆောင်ရွက်ခဲ့ခြင်း မရှိကြောင်း သိရသည်။

မြန်မာ စံတော်ချိန် ယနေ့ နံနက် ၆း၃၀ အချိန် တိုင်းထွာချက်များအရ မဟာစင်(MAHASEN) ဆိုင်ကလုန် မုန်တိုင်းသည် မြန် မာနိုင်ငံ၊(ကိုကိုးကျွန်း) ၏အနောက်တောင်ဘက်မိုင် (၄၃၀)ခန့်၊ ပုသိမ်မြို့၏ အနောက် တောင်ဘက် မိုင် (၅၇၀)ခန့်၊ အိန္ဒိယနိုင်ငံ၊ ချင်းနိုင်မြို့၏ အရှေ့ တောင်ဘက်မိုင် (၃၈၀)ခန့် အကွာ ပင်လယ်ပြင်ကို ဗဟိုပြုနေ ကြောင်း မြန်မာနိုင်ငံ မိုးလေ၀သနှင့် ဇလဗေဒဦးစီးဌာန အင်တာနက် စာမျက်နှာတွင် ဖော်ပြ ထားသည်။

ဘင်္ဂလာဒေ့ခ်ျနိုင်ငံတွင်လည်း မဟာဆန် မုန်တိုင်းကို ၃ နံပါတ်အဆင့် သတ်မှတ်ထားပြီး ငါးဖမ်းလှေများကို ပင်လယ်ပြင်သို့ မထွက်ရန် အာဏာပိုင်များက ပြောဆိုထားသော်လည်း ကောစ့်ဘားမြို့တွင် မုန်တိုင်းနှင့် ပတ်သတ်ပြီး မြို့တွင်းတွင် လိုက်လံသတိပေးမှု မရှိသေးကြောင်း သိရသည်။

No comments: