Tuesday, May 14, 2013

အစိုးရတပ်နှင့် KIA မုန်ဂိုးဒေသတွင် တိုက်ပွဲများ ဆက်တိုက်ဖြစ်ပွား

KNG

မြန်မာအစိုးရတပ်သည် ရှမ်းပြည်မြောက်ပိုင်း ကချင်လွတ်မြောက်ရေးအဖွဲ့ (KIO) မုန်ဂိုးဒေသသို့ စစ်အင်အားများ ဆက်လက်တိုးချဲ့လာကာ တိုက်ပွဲများလည်း ဆက်တိုက်ဖြစ်ပွားနေကြောင်း သိရသည်။

မေလ ၁၂ ရက် ယမန်နေ့ညတွင် မုန်းဂိုးဒေသ ပန်ဆိုင်း (ကြူကုတ်) သို့ အစိုးရစစ်ကား ၁၀ စင်း၊ အင်အား ၂၀၀ ကျော်ဖြင့် ပို့ဆောင်လာကြောင်း ရှေ့တန်း စစ်ဗိုလ်များမှ သိရသည်။

၎င်းအစိုးရတပ်ဖွဲ့တို့သည် မေလ ၁၃ ယနေ့နံနက်တွင် ၎င်းပန်ဆိုင်းမှ အထက်သို့ ခြေလျှင်ဖြင့် အသီးသီးထွက်ခွာသွားကြောင်း မျက်မြင်များ ပြောသည်။

ထို့ပြင် မေလ ၁၁ ရက်နေ့ မနက်ပိုင်းတွင်လည်း မုန်ဂိုးဒေသ တပ်ရင်း ၃၆ နယ်မြေသို့ ထိုးစစ်လာသော အင်အား ၁၀၀ ကျော်ရှိသည့် အစိုးရတပ်ပေါင်းစု ခမရ ၄၀၇ နှင့် ခလရ ၄၅ တပ်ဖွဲ့များကို KIO ပြည်သူ့စစ် (MHH) တပ်ခွဲ ၅ တို့မှ မိုင်းဖြင့်တိုက်ခိုက်ခဲ့သည်ဟု MHH တပ်ခွဲမှူး ဇော်ဆိုင်း KNG ကချင်သတင်းဌာန သို့ပြောသည်။

ထိုသို့ပစ်ခတ်ပြီးနောက် နှစ်ဖက်တပ်ကြား တိုက်ပွဲဖြစ်ပွားချိန် အစိုးရတပ်များ ၆၀ မမ လက်နက်ကြီးဖြင့် ပစ်ခတ်လိုက်ရာ နမ်ဟူး (Nam Hu) ရှမ်းကျေးရွာသို့ အမြှောက်ကျည်ဆံ ကျရောက်ပေါက်ကွဲပြီး ရွာသား တစ်ဦးအား ထိမှန်ကာ ယခုချိန် တရုတ်ပြည်သို့ ဆေးကုသ ခံယူနေကြောင်း ဒေသခံများက ဆိုသည်။

ထိုနေ့ ညနေပိုင်းတွင်ပင် အစိုးရတပ်ဖွဲ့နှင့် KIA ပြည်သူ့စစ် တပ်ခွဲ ၅ တပ်ဖွဲ့များ ခလဲန် (Hka Len) ရွာတွင် ပြန်လည် ပစ်ခတ်တိုက်ပွဲဖြစ်ပွားခဲ့ကြောင်း သိရသည်။

၎င်းတွင် အစိုးရတပ်မှ ၂ ဦးသေဆုံးပြီး ၃ ဦးဒဏ်ရာရရှိကာ သေဆုံးသူ ၂ ဦးကို ၎င်းရွာသားများမှ မြုပ်ပေးလိုက်ပြီး ဒဏ်ရာရရှိ သူများကို မူဆယ်ဆေးရုံသို့ ပို့ဆောင် ဆေးကုသခံယူနေကြောင်း မျက်မြင်များက ပြောသည်။

အစိုးရတပ်များသည် ရှမ်းပြည်မြောက်ပိုင်းသို့ နယ်မြေရှင်းလင်းရေး အမည်တပ်ကာ ထိုးစစ်ဆင် တိုက်ပွဲဖြစ်ပွားနေခြင်း ဖြစ်သည်ဟု KIA အရာရှိများ ပြောသည်။

No comments: