Saturday, September 28, 2013

ပြည်သူများ၏ နစ်နာမှုများအတွက် အကာအကွယ်ပေးရန် စာချွန်တော်အမိန့် ဥပဒေပြဋ္ဌာန်းပေးရန် ပြင်ဆင်

နန်းမြင့်

အခြေခံဥပဒေတွင် ပြည်သူများ နစ်နာမှုမရှိစေရန် အကာအကွယ်ပေးထားသော်လည်း လက်တွေ့တွင် အကောင် အထည် မပေါ်ခြင်းကြောင့် စာချွန်လွှာဥပဒေဖြင့် အကာအကွယ်ပေးရန် သင်္ဃန်ကျွန်းလွှတ်တော်အမတ် ဦးသိန်းညွန့်က ပြင်ဆင်လျက်ရှိနေသည်။

ဖွဲ့စည်းပုံအခြေခံဥပဒေ ပုဒ်မ ၃၅၆တွင် နိုင်ငံသားများ တရားဝင်ပိုင်ဆိုင်သည့် မရွှေ့ပြောင်းနိုင်သော ပစ္စည်းနှင့်ရွှေ့ပြောင်းနိုင်သောပစ္စည်းများကို ကာကွယ်ရန် ပြဋ္ဌာန်းထားသည်။ သို့သော် ဥပဒေနှင့်အညီ ပြောကာ တရားမမျှသော စီရင်ချက်၊ ဥပဒေကို ချိုးဖောက်ထားသော စီရင်ချက်များနှင့် နစ်နာထားသော ပြည်သူများအတွက် စာချွန်လွှာ အခွင့်အရေးနှင့် ပြန်လည်ရယူနိုင်ရန် စာချွန်လွှာဥပဒေကြမ်းကို လွှတ်တော်တွင် ဆွေးနွေးရန် တင်သွင်းထားပြီး ဖြစ်သည်ဟု ဦးသိန်းညွန့်က ပြောသည်။

“ထိခိုက်နစ်နာနေတဲ့လူတွေရဲ့ အခွင့်အရေးကို အခြေခံဥပဒေက ပေးထားတယ်ဆိုရင် ပေးထားချက်ကို တိုင်ကြားဖို့ သဘောက စာလုံးပေါ်က စကားလုံးမဟုတ်ဘူး။ ပြည်သူတွေကို ကာကွယ်ပေးနိုင်တဲ့ အသက်ဝင်စေတဲ့ ဥပဒေဖြစ် လာအောင် ကြိုးစားရမယ်”ဟု ဦးသိန်းညွန့်က ပြောသည်။

ဖွဲ့စည်းပုံအခြေခံဥပဒေပုဒ်မ ၃၇၈ တွင် ပြည်ထောင်စု တရားလွှတ်တော်ချုပ်သည် စာချွန်တော်အမိန့်ထုတ်ကာ တားမြစ်နိုင်သည်။ စာချွန်တော်ကို ငါးမျိုးသတ်မှတ်ထားပြီး ရှေ့တော်သွင်း၊ အာဏာပေး၊ တားမြစ်စေ၊ အာဏာပိုင်မေး၊ အမှုခေါ် စာချွန်တော် အမိန့်များဖြစ်သည်။

No comments: