ABC
ရခိုင်ပြည်နယ် ကျောက်ဖြူမြို့နယ်က မဒေးကျွန်းမှာ ရွှေသဘာဝ ဓါတ်ငွေ့ စီမံကိန်းအပေါ် ဆန္ဒပြခဲ့ကြတဲ့အတွက် လူ ၁၀ ယောက်ကို မနေ့တုန်းကပဲ ကျောက်ဖြူမြို့နယ် တရားရုံးက အလုပ်ကြမ်းနဲ့ ထောက်ဒဏ် ၃ လ စီ ချမှတ်လိုက်ပါတယ်။
ရခိုင်ကမ်းလွန် ပင်လယ်ပြင်ကနေပြီး တရုတ်နိုင်ငံကို သဘာဝဓါတ်ငွေ့တွေ တင်ပို့ရောင်းချနေတဲ့ စီမံကိန်းမှာ ဒေသခံပြည်သူတွေ မြေယာနဲ့ အလုပ်အကိုင် အခွင့်အလမ်းတွေ ဆုံးရှုံးမှုတွေရှိခဲ့ တာကြောင့် (CNPC )China National Petroleum Cooperation ကုမ္ပဏီ ကိုဆန္ဒပြခွင့်ပြုဖို့ သက်ဆိုင်ရာ မြို့နယ်ရဲစခန်းနဲ့ အုပ်ချူပ်ရေးရုံးတွေကို စာရေးတောင်းဆိုခဲ့ပေမယ့် ခွင့်မပြုတာကြောင့် ဒေသခံရွာသား ၅၀၀ လောက်ဟာ ပြီးခဲ့တဲ့ ဧပြီလ ၁၈ ရက်နေ့မှာ ဆန္ဒပြခဲ့ကြတာ ဖြစ်ပါတယ်။
အဲဒီထဲက ဆန္ဒပြ ခေါင်းဆောင်လို့ ယူဆရသူ ဆယ်ယောက်ကို တရားစွဲဆိုခဲ့တာဖြစ်ပြီး ခုအခါ ပုဒ်မ ၁၈ အရ ခွင့်ပြုချက်မရပဲ စီတန်းလှည့်လည် ဆန္ဒပြမှုနဲ့ စီရင်ချက်ချခဲ့တာ ဖြစ်ပါတယ်။
ဆန္ဒပြမှုမှာ ပါဝင်သူ ၁၀ ယောက်ကို ထောင်ဒဏ်ချမှတ်လိုက်တဲ့အအပေါ် မကျေနပ်တဲ့အတွက် ဒေသခံပြည်သူ အယောက် ၄၀၀ လောက်ဟာ မနေ့တုန်းက တရားရုံးရှေ့မှာ ဆန္ဒပြ တောင်းဆို ခဲ့ကြပြီး ပြန်မလွတ်ပေးရင် မဒေးကျွန်းပေါ်မှာရှိတဲ့ ကျေးရွာသားအားလုံးကိုပါ ဖမ်းဆီးထောင်ချဖို့လည်း ပြောဆိုခဲ့ကြောင်း မြို့ခံတစ်ဦးက ပြောပါတယ်။
၁၀ ယောက်ကို ဒီနေ့ပဲ ၃ လစီချလိုက်တယ်။ မဒေးကျွန်းရွာကလူတွေ လိုက်လာပြီးတော့ ဆန္ဒပြတဲ့ထဲမှာ လူတွေ တရွာလုံးနီးပါးကို ပါတာကိုး ဖမ်းမယ်ဆိုရင် တရွာလုံးကို ဖမ်းရင် ဖမ်းလိုက် မဟုတ်ရင် အဲ့ ၁၀ ယောက်ကို လွတ်ပေးပါ အဲ့ဒါ တောင်းဆိုတာ။
တရားရုံးရှေ့မှာ ဆန္ဒထုတ်ဖော်ခဲ့ကြတဲ့ ဒေသခံပြည်သူတွေကို အင်အား ၁၀၀ နီးပါးရှိတဲ့ လုံထိန်းတပ်ဖွဲ့ဝင်တွေက ဒိုင်းကာတွေနဲ့ တရားရုံးပတ်လည်မှာ လုံခြုံရေးအတွက် နေရာယူထားပြီး မီးသတ်ကားတွေလည်း အဆင်သင့် ရပ်ထားတာ တွေ့ရပြီး ညနေ ၆ နာရီလောက်မှာတော့ ဒေသခံ အာဏာပိုင်တွေညှိနှိုင်းဖြေရှင်းပေးမှုကြောင့် လူစုကွဲသွားခဲ့တယ်လို့လည်း ဒေသခံတွေက ပြောပါတယ်။
အခုလို ဖမ်းဆီးထောင်ချလိုက်တာနဲ့ ပတ်သက်ပြီး အမှုကို လိုက်ပါဆောင်ရွက်ပေးနေတဲ့ အကျိုးဆောင်ရှေ့နေ ဦးထိန်လင်းက ဒီ ၁၀ ယောက်ဟာ ဆန္ဒပြမှုမှာ ခေါင်းဆောင်တယ်ဆိုတာ ထွက်ဆိုချက် မရပဲ အခုလို အမိန့်ချမှတ်လိုက်တာကြောင့် အယူခံဝင်သွားမှာဖြစ်တယ်လို့ ပြောပါတယ်။
မဒေးကျွန်းမှာနေထိုင်ကြတဲ့ ဒေသခံပြည်သူတွေဟာ အသိမ်းခံထားရတဲ့ လယ်ယာမြေ ဥယျာဉ် ခြံမြေကို ကာလပေါက်ဈေးနဲ့အညီ လျော်ကြေးပေးဖို့၊ ကျွန်းပေါ်မှာရှိတဲ့ ကျေးရွာတွေက လမ်းတွေ ကောင်းမွန်အောင် လုပ်ဆောင်ပေးဖို့၊ အလုပ်သမားကဒ်ရှိတဲ့ ဒေသခံတွေ အလုပ်လုပ်ခွင့် ရဖို့၊ လုပ်အားခကို နိုင်ငံတကာသတ်မှတ်ထားတဲ့ စံနှုန်းအတိုင်း ပေးဖို့၊ ကျွန်းပေါ်မှာနေထိုင်ကြတဲ့ နေအိမ်တွေမှာ လျှပ်စစ်မီးရရှိအောင် လုပ်ပေးဖို့ စတဲ့ အချက် ၉ ချက်ကို CNPC ရုံးရှေ့မှာ ဆန္ဒပြ တောင်းဆိုခဲ့ကြတယ်လို့ ရေဒီယို သြစတေးလျ သတင်းထောက် သန်းကျော်စိုးက သတင်းပေးပို့ထားပါတယ်
No comments:
Post a Comment