Monday, September 30, 2013

မုံရွာမြို့ပြည်ထောင်စု လမ်းဆုံအနီး ရထားနှင့် ကားတိုက်

ကိုတိုးကြီး (မုံရွာ)

ကားနှင့်ရထား ကန့်လန်ဖြတ်ကာတိုက်သည့် ယာဉ်တိုင်မှုတစ်ခု မုံရွာမြို့ အောင်ချမ်းသာရပ်ကွက် အင်းရွာသစ်အောင်မင်္ဂလာလမ်းနှင့် ပြည်ထောင်စုလမ်းဆုံအနီး ရထားလမ်းဖြတ်တစ်နေရာတွင် စက်တင်ဘာ ၂၆ရက် နံနက်က ဖြစ်ပွားခဲ့သည်။

ခင်ဦး-မုံရွာရထားလမ်းပိုင်းရှိ တင်းတိန်ရံဘူတာမှ မုံရွာဘူတာသို့ ခုတ်မောင်းလာသည့် လော်ကယ်ရထား စက်ခေါင်း အမှတ် ၁၂၈ သည် မုံရွာမြို့ ပြည်ထောင်စုလမ်းဆုံအနီးသို့ ရောက်ရှိစဉ် ရထားလမ်းပေါ် ဖြတ်ကျော် လာသည့် ပါဂျဲရိုးအမျိုးအစားယာဉ် အမှတ် ၇ခ/၅၃၅၃ကို ကန့်လန့်ဖြတ်တိုက်မိခြင်း ဖြစ်သည်ဟု မုံရွာခရိုင်အမှတ် ၁၄ ယာဉ်ထိန်းရဲတပ်ဖွဲ့ ဒုတိယတပ်ဖွဲ့ခွဲမှူး ရဲမှူးခင်ဇော်မြင့်က ပြောသည်။

ကားနှင့်ရထားတိုက်မိခြင်းကြောင့် ရထားစက်ခေါင်းရှေ့တွင် ပါဂျဲရိုးကား ချိတ်လျက် ပါသွားပြီး ပေ ၁၀၀ ကျော် အကွာအဝေးထိ ရောက်ရှိသွားခဲ့သည်။ ကားမောင်းသူ ဒေါက်တာမင်းမင်းကျော်က ထိုအချိန်တွင် မိုးသည်းထန်စွာ ရွာနေခြင်း ကြောင့် မှန်တံခါးများကို အလုံပိတ်ကာ မောင်းနှင်လာရာမှ ကားနှင့် ရထားတိုက် မိခြင်းဖြစ်သည်ဟု မဇ်္ဈိမကို ပြောသည်။

ထိုကဲ့သို့ ကားနှင့်ရထား တိုက်မိခြင်းကြောင့် ဦးမင်းမင်းကျော်ခြေမပွန်းဘဲ ဒဏ်ရာနှင့် ၀ဲဘက်လက်ဖမိုးတို့တွင် ဒဏ်ရာများ ရရှိသွားခဲ့သည်။ ယာဉ်တိုက်မှု ဖြစ်ပွားရာသို့ ရောက်ရှိနေသူ မုံရွာ မီးရထားဘူတာရုံပိုင်ကြီး ဦးဇော်လွင် ၏ ပြောပြချက်များအရ ယာဉ်တိုက်မှုဖြစ်ပွားချိန်တွင် ရထားပေါ်၌ စီးနင်းလိုက်ပါသူ ခရီးသည် ၁၀၀ ၀န်းကျင်ခန့် လိုက်ပါသော်လည်း ထိခိုက်ဒဏ်ရာရရှိမှု လုံးဝမရှိဟု ဆိုသည်။

ယဉ်တိုက်မှုအတွက် မုံရွာမြို့ မီးရထားတပ်ဖွဲ့မှူးရုံးသို့ ဆက်သွယ်မေးမြန်းခဲ့သော်လည်း ဖြေကြားခြင်း မရှိပါ။

No comments: