Monday, September 30, 2013

KIA နှင့် အစိုးရတို့ ရရှိထားသည့် သဘော တူညီချက်များ ပြန်လည် သုံးသပ်ရန်ရှိ

ရွှေဟင်္သာ

လာမည့် အောက်တိုဘာ ပထမ အပါတ်တွင် ကချင် လွတ်လပ်ရေး တပ်မတော် (KIA) ကိုယ်စားလှယ်များသည် အစိုးရ၏ ပြည်ထောင်စု အဆင့် ငြိမ်းချမ်းရေး ဖေါ်ဆောင်ရေး လုပ်ငန်း ကော်မီတီ အဖွဲ့နှင့် ရရှိထားသည့် သဘော တူညီချက်များ ပြန်လည် သုံးသပ်ကြရန် အတွက် ကချင်ပြည်နယ် မြစ်ကြီးနားမြို့၌ ဒုတိယ အကြိမ်မြောက် တွေ့ဆုံ ဆွေးနွေး ကြရန် ရှိ သည်ဟု ပြောရေးဆိုခွင့်ရှိသူ KIA နည်းပညာ အဖွဲ့၏ ပြန်ကြားရေး အရာရှိ ဆရာ ဒေါင်းခါးက ဆိုပါသည်။

“ ကျနော်တို့ ကတော့ ပြီးခဲ့တဲ့ မေလ (၃၀) ရက်နေ့က သဘော တူထားတဲ့ အချက်တွေကို ပြန်လည် သုံးသပ်မယ်။ ပြီး တော့ ရှေ့ဆက် ဘယ်လို သွားမလဲ အပေါ်မှာ တင်ပြကြမှာ ဖြစ်တယ်။ အစိုးရ ဖက်ကတော့ ပြည်ထောင်စု အဆင့် ဆွေး နွေးပွဲလို့ ပြောနေတာကတော့ သူတို့ကိစ္စပါ။ ကျနော်တို့ကတော့ မေ(၃၀)ရဲ့ ဒုတိယ အကြိမ် ပြန်လည် သုံးသပ်တဲ့ ဆွေး နွေးပွဲ သဘောဘဲ သတ်မှတ်ပါတယ်” ဟု ဆိုပါသည်။

လာမည့် အောက်ဘိုဘာ (၈၊၉၊၁၀) ရက်နေ့တွင် ဆွေးနွေးကြမည် ဖြစ်သည်ဟု သဘော တူထားပါသည်။ အစိုးရတပ်ဖွဲ့ များသည် KIA အားစစ်ဆင်မှု လျှော့ကျ သွားခဲ့သော်လည်း KIA တပ်မဟာ (၃) နှင့် တပ်မဟာ (၄)တွင် နေ့စဉ်နှင့် အမျှ အစိုးရတပ်များက လာရောက် တိုက်ခိုက် နေသဖြင့် ကြိုကြား တိုက်ပွဲများ ဖြစ်ပွားနေခဲ့သည်ဟု ဆိုပါသည်။

တချို့တိုက်ပွဲ များသည် အစိုးရ၏ နိုင်ငံရေး၊ စစ်ရေး၊ စီးပွားရေးနှင့် လုံခြုံရေးနှင့် ပါတ်သက် နေလိမ့်မည် ဖြစ်ကြောင်း၊ အထူးသဖြင့် တပ်မဟာ (၄) နယ်မြေတွင် အစိုးရ ဂက်စ်ပိုက်လိုင်း လုံခြုံရေး နယ်မြေ ဖြစ်နေသည်ဟု တွက်ဆ ရကြောင်း KIA အရာရှိက ဆိုပါသည်။

ဤသို့ကြောင့် အဆိုပါ ပြသနာများကို ပြန်လည် သုံးသပ်ပြီး ဖြေရှင်းသွားရန်နှင့် ရှေ့ဆက် အစီစဉ်များ ကို ဆွေးနွေးကြ ရန်ဖြစ်ပါသည်။ အစိုးရ၏ ပြည်ထောင်စု အဆင့် ငြိမ်းချမ်းရေး ဖေါ်ဆောင်ရေး လုပ်ငန်း ကော်မီတီ ဒုတိယ ဥက္ကဌ နိုင်ငံတော် လုံခြုံရေး ၀န်ကြီး ဦးအောင်မင်းကမူ အပစ်အခတ် ရပ်စဲရန် ရှိသည့် လက်နက်ကိုင် အဖွဲ့အစည်း (၁၆) ဖွဲ့ အနက် (၁၄) ဖွဲ့နှင့် ၄င်းတို့ အပစ်အခတ် ရပ်စဲနိုင်ခဲ့ပြီး ဖြစ်ကြောင်း၊ နောက်နှစ်ဖွဲ့ဖြစ်သည့် ပလောင်နှင့် KIA တို့အား အပစ်အခတ် ရပ်စဲရန် ပြည်ထောင်စု အဆင့်ဖြင့် ကြိုးစား သွားမည်ဖြစ်ကြောင်း ယမာန်နေ့ ငြိမ်းချမ်းရေး စင်တာ ၌ကျင်းပခဲ့သော နိုင်ငံရေး ပါတီ (၃၇) ဖွဲ့ မှ ကိုယ်စားလှယ် (၆၈) ဦး တက်ရောက်သော ရှင်းလင်းပွဲတွင် ပြောကြား သွားခဲ့ပါသည်။

KIA ဖက်ကမူ ဆက်ဆံရေးရုံး ထားရှိရေးကို ယင်းဆွေးနွေးပွဲတွင် တင်ပြဆွေးနွေးသွားမည် ဖြစ်သည်။ KIA နှင့် အစိုးရတို့ ပြန်လည် သုံးသပ် ကြမည့် ငြိမ်းချမ်းရေး သဘော တူညီချက် ၇ ချက်မှာ အောက်ပါ အတိုင်း ဖြစ်ပါသည်။

(၁)-နိုင်ငံတော် အစိုးရနှင့် ကေအိုင်အိုတို့ နိုင်ငံရေး ဆွေးနွေးမှုများ ဆက်လက် ဆောင်ရွက်ရန် သဘောတူသည်။

(၂)-နှစ်ဖက် တပ်ဖွဲ့များမှ ပစ်ခတ် တိုက်ခိုက်မှုများ လျော့ချခြင်း၊ တိုက်ပွဲများ ထပ်မံ မဖြစ်ပွားအောင် ထိန်းသိမ်းခြင်း တို့ကို ဆောင်ရွက်သွားရန် သဘောတူသည်။

(၃)-နှစ်ဖက် ကိုယ်စားလှယ်များ ပါဝင်သော စောင့်ကြည့် ကြီးကြပ်ရေး အဖွဲ့ ဖွဲ့စည်းရန် မူအားဖြင့် သဘောတူသည်။

(၄)-နယ်မြေ လုံခြုံရေး အရ နေရပ် စွန့်ခွာ ရွှေ့ပြောင်းနေထိုင်သည့် ပြည်သူများအတွက် ပြန်လည် ထူထောင်ရေး ကိစ္စရပ်များကို ညှိုနှိုင်းကာ ဆက်လက် ဆောင်ရွက်သွားရန် သဘောတူသည်။

(၅)-တပ်ပိုင်းဆိုင်ရာ တပ်နေရာ ချထားမှုများနှင့် ပတ်သက်ပြီး ဆက်လက်ညှိုနှိုင်း ဆောင်ရွက်ရန် သဘောတူသည်။

(၆)-လိုအပ်သော လုပ်ငန်းစဉ်များကို ညှိုနှိုင်းဆောင်ရွက်ရန် ကေအိုင်အို ကိုယ်စားလှယ်နှင့် အလုပ်အဖွဲ့ကို မြစ်ကြီး နားမြို့တွင် ထားရှိသွားရန် သဘောတူသည်။

(၇)-နောက်တကြိမ် ဆွေးနွေးပွဲတွင် ယခု အကြိမ် တက်ရောက်သည့် အဖွဲ့များမှ ကိုယ်စားလှယ်များ ပြန်လည် တက်ရောက်ရန် သဘော တူညီသည်။ အခြား ဖိတ်ကြား လိုသော အဖွဲ့များ ရှိပါက နှစ်ဖက် ညှိုနှိုင်း ဆောင်ရွက်သွားရန် သဘော တူညီကြပါသည်။

အမျိုးသား ပြန်လည် ရင်ကြားစေ့ရေးနှင့် တိုင်းရင်းသား အခွင့်အရေးများ ပြသနာကို ဖြေရှင်းရာ၌KIA သည် အပစ်အ ခတ် ရပ်စဲရေး လက်မှတ် ထိုးပွဲထက် နိုင်ငံရေး အရ ဆွေးနွေးမှု ပြေလည်စေသည့် နည်းဖြင့် အဖြေရှာရန် သဘောထားပြီး၊ အစိုးရသည် အပစ်အခတ် ရပ်စဲ လက်မှတ် ထိုးပြီးမှ နိုင်ငံရေး ဆွေးနွေးရန် သဘောထားခဲ့ပါသည်။

KIA သည် အစိုးရ အဆိုပြု သလို ၁၉၉၄ ခုနှစ်တွင် အပစ်အခတ် ရပ်စဲရေး လက်မှတ် ထိုးခဲ့ပါသည်။ သို့သော် အစိုးရ သည် KIA တပ်များ နယ်ခြား စောင့်တပ် အသွင်ပြောင်းခိုင်းရေး ဖိအားဖြင့် ၂၀၁၁ ခုနှစ် ဇွန်လတွင် စတင် တိုက်ခိုက် လာရာမှ အစိုးရသည် အပစ်အခတ် ရပ်စဲရေးကို ဖျက်ဆီး ခဲ့ပြီးဖြစ်ပါသည်။

No comments: