Monday, September 30, 2013

မော်ကျွန်းမြို့နယ် အပေါင်ဆုံးမြေများတွင် လယ်ထွန်သူ ၂၄ ဦးအား ထောင်ဒဏ်များ ချမှတ်

အေးမြင့်စန်း

ဧရာဝတီတိုင်း မော်ကျွန်းမြို့နယ်တွင် ပုဂ္ဂလိကလုပ်ငန်းရှင်များထံတွင် အပေါင်ဆုံးထားသည့် လယ်မြေများပေါ်တွင် ၀င်ရောက်လယ်ထွန်သည့် လယ်သမား၂၄ ဦးကို စက်တင်ဘာလထဲတွင် ထောင်ဒဏ်လေးလမှ ရှစ်လ အသီးသီးမော်ကျွန်းမြို့နယ်တရားရုံးက အမိန့်ချမှတ်လိုက်သည်။

ထိုလယ်သမားများကို စက်တင်ဘာ ၄ ရက်၊ ၁၀ ရက်၊ ၁၇ ရက်များတွင် အသီးသီး အမိန့်ချမှတ်ခဲ့ခြင်းဖြစ်ပြီး လပွတ္တာခရိုင် တရားရုံးတွင် အယူခံဝင်သွားမည်ဟု မော်ကျွန်းလယ်သမားခေါင်းဆောင် ဦးအေးမော်ကပြောသည်။

အကျဉ်းချခံရသော လယ်သမား ၂၄ ဦးသည် မော်ကျွန်းမြို့နယ်ရှိ တံခွန်တိုင်ကျုံဝါးကျေးရွာ၊ ဖိုခမီဒေါက် ကျေးရွာတို့မှ လယ်သမားများဖြစ်သည်။ ထိုသို့ အပေါင်ဆုံးထားသော မြေများပေါ်တွင် ၀င်ရောက် စိုက်ပျိုးရာမှ ၂၀၁၃ ခုနှစ် ဇူလိုင်လတွင် တရားစွဲဆိုခံခဲ့ရသည်။

“ထောင်ကျသွားတဲ့ လယ်သမား ၂၄ ဦးထဲမှာ အသက် ၇၆ နှစ်ကျော်တဲ့ ဒေါ်ဂျမ်းပုံက မြောင်းမြထောင်မှာ ကျတာ။နောက် အသက် ၁၅ နှစ်ကျော်သာရှိသေးတဲ့ ကျောင်းသား နှစ်ဦးလည်းပါတယ်။ ထောင်ဒဏ် အပြစ်ပေး ခံရတဲ့ လယ်သမားတွေအတွက် လပွတ္တာခရိုင်တရားရုံးမှာ အယူခံတင်သွားမယ်”ဟု မော်ကျွန်း လယ်သမား ခေါင်းဆောင် ဦးအေးမော်က မဇ္ဈိမကို ပြောသည်။

အတိုးမပေးနိုင်သောကြောင့် ဆုံးရှုံးခဲ့သည့်မြေများပေါ်တွင် ၀င်ရောက်လယ်ထွန်ခဲ့သည့် လယ်သမားများအား ပိုင်နက် ကျူးလွန်သည့်အမှု ပုဒ်မ ၁၄၄၊ အကျိုးစီးပွားဖျက်ဆီးသည့်အမှု ပုဒ်မ ၄၂၇ တို့နှင့် ရှစ်လ အကျဉ်းချခံရသူ နှစ်ဦး၊လေးလ အကျဉ်းခံရသူ၂၂ ဦးစီ အသီးသီး အမိန့်ချခံရခြင်းဖြစ်သည်ဟု ဦးသန့်ဇော်ဦးက ပြောသည်။

“ဖိုခမီဒေါက်ကျေးရွာကဆို တစ်အိမ်သားလုံး ထောင်ကျခံရတဲ့အထဲမှာ ပါသွားတယ်။ လယ်သမား မောင်နှမ လေးဦးပေါ့။ လယ်ဝင်ထွန်လို့ဆိုပြီး ပုဒ်မ ၄၄၇ နဲ့တရားစွဲခံရပြီး ထောင်ကျသွားတာ”ဟု ဧရာဝတီတိုင်း လယ်သမားသမဂ္ဂမှ အတွင်းရေးမှူး ဦးသန့်ဇော်ဦးက မဇ္ဈိမကို ပြောသည်။

ပိုင်ရှင်မတူသည့် လယ်မြေအသီးသီးတွင် လယ်ထွန်ကြသော လယ်သမားများကို ဇူလိုင်လတစ်လတည်း တွင်ပင် တရားစွဲဆိုပြီး စက်တင်ဘာလ တစ်လတည်းတွင် ထောင်ဒဏ်ချမှတ်ခြင်းသည် အဂတိလိုက်စား မှုရှိနိုင်ပြီး ဧရာဝတီ တိုင်း လယ်သမားသမဂ္ဂအနေဖြင့် ထိုကိစ္စအား စုံစမ်းကာ ဧရာဝတီတိုင်း အစိုးရအဖွဲ့ထံ အကြောင်းကြား သွားမည်ဖြစ်ကြောင်း ဦးသန့်ဇော်ဦးက ပြောသည်။

ထိုလယ်သမားများသည် ၎င်းပိုင်မြေများကို ပုဂ္ဂလိက လုပ်ငန်းရှင်များထံတွင် ၁၉၉၄-၉၅ ခုနှစ်က ပေါင်နှံခဲ့ပြီး အသီးသီး အပေါင်ဆုံးခဲ့ကြခြင်းဖြစ်သည်။

ထိုကိစ္စနှင့်ပတ်သက်၍ ဧရာဝတီတိုင်း တောင်သူလယ်သမားသမဂ္ဂနှင့် ဧရာဝတီတိုင်း အစိုးရအဖွဲ့တို့ အောက်တိုဘာ လ ၁ ရက်တွင် တွေ့ဆုံဆွေးနွေးရန်ရှိကြောင်း သိရသည်။

ဧရာဝတီတိုင်း၊ မော်ကျွန်းမြို့နယ်တွင် လယ်မြေ ၀င်ရောက် ထွန်ယက်စိုက်ပျိုးမှုအတွက် တရားစွဲဆိုခံရသော အမှုပေါင်း ၁၆၀ ကျော် ရှိနေသည်။

No comments: