Sunday, September 29, 2013

ဆီးဂိမ်းတွင် ယှဉ်ပြိုင်မည့် အားကစားအဖွဲ့ များအနက် ပြည်ပသို့ သွားရောက် လေ့ကျင့်ခဲ့သည့် အားကစားအဖွဲ့ ၂၁ ဖွဲ့ အထိ ရှိလာ

သောကြာ

မြန်မာနိုင်ငံမှ အိမ်ရှင် အဖြစ် ကျင်းပမည့် (၂၇) ကြိမ်မြောက် အရှေ့တောင်အာရှ အားကစားပြိုင်ပွဲတွင် အားကစား နည်း ၃၃ နည်း ထည့်သွင်းကျင်းပမည်ဖြစ်ပြီး ပြည်ပနိုင်ငံများသို့ သွားရောက်လေ့ကျင့် နိုင်ခဲ့သည့် အားကစားအဖွဲ့ ၂၁ ဖွဲ့အထိ ရှိသွားခဲ့ပြီ ဖြစ်သည်။ ပြည်ပနိုင်ငံများသို့ သွားရောက် လ့ကျင့်နိုင်ခြင်းမရှိသေးသည့် အားကစား အဖွဲ့များတွင် ဆီးဂိမ်း၌ ရွှေတံဆိပ်ရရှိရန် အခြေအနေကောင်းများရှိနေသော စစ်တုရင်၊ ပိုက်ကျော်ခြင်း၊ ဘိလိယက်နှင့် စနူကာ စသည့်အဖွဲ့များ အပါအ၀င် အားကစားအဖွဲ့ ၁၂ ဖွဲ့ ပါဝင်နေသေးသည်။

မလေးရှားနိုင်ငံတွင် သွားရောက်ပူးတွဲ လေ့ကျင့်ခဲ့သည့် ဟော်ကီအားကစား အဖွဲ့မှရုံးအဖွဲ့မှူး ဦးမင်းသူချစ်က “အမျိုးသား ဟော်ကီအသင်းက မလေးရှားမှာ သွားလေ့ကျင့်တာ တစ်လထဲ ဖြစ်သွားတယ်။ ဒါပေမဲ့  အမျိုးသား အသင်းက အာရှကလာကစားတဲ့အသင်းတွေနဲ့ ကစားလိုက်ရတယ်။ နောက်ပြီး မြန်မာအသင်းကဒိုင်ခံ သူတို့နဲ့လေ့ကျင့်ရေးလုပ် ပေးတယ်။ ဒါကြောင့် အမျိုးသားအသင်းက တော်တော်လေး အတွေ့အကြုံ ရခဲ့တယ်။

နည်းပြ အနေနဲ့ ဒီပူးတွဲ လေ့ကျင့်မှုကြောင့်ဘာတွေ ဘယ်လိုပြင်ဆင်သင့်တယ်ဆိုတာ ကြိုတင်သိရှိလိုက် ရပါတယ်” ဟု ပြောသည်။

ပြည်ပသို့ သွားရောက်ပူးတွဲလေ့ကျင့်ခြင်းမရှိသည့် မွေအားကစားအဖွဲ့မှ နည်းပြ ဦးကျော်စိုးကမူ အတွေ့အကြုံရှိ သည့် အားကစားသမားများအတွက် ပြည်ပခရီးစဉ်များက ထူးခြားလိမ့်မည် မဟုတ်ကြောင်း ပြောသည်။

“လေ့ကျင့်တဲ့ အပိုင်းကပြည်တွင်း နည်းပြတွေနဲ့ပဲ လေ့ကျင့်တယ်။ ပြည်တွင်းနည်းပြဆရာတွေက လေ့ကျင့်ဖို့ လူကြီးတွေကို တင်ပြမှ သွားလေ့ကျင့်လို့ရမှာပါ။ လူကြီးတွေက စီစဉ်ပေးမှလဲ ဒါကလေ့ကျင့်လို့ ရတာပါ။မွေ့ထိုင်းကစားနည်းမှာတော ပြည်ပမှာ သွားပြီး လေ့ကျင့်ရင်တော့ မထိတွေ့ဖူးတဲ့ ကစားသမားတွေအတွက် အတွေ့အကြုံ အသစ်တွေ ရနိုင်တယ်။ ဒါပေမဲ့ အတွေ့အကြုံ ရှိပြီသား ကစားသမားတွေအတွက်ကတော့ ပူးတွဲလေ့ကျင့်ရုံသက်သက်နဲ့ သိပ်ထူးမယ်လို့ မထင်ပါဘူး”ဟု ၎င်းကဆိုသည်။

ပြည်ပနိုင်ငံများသို့ သွားရောက်ပူးတွဲ လေ့ကျင့်နိုင်ခြင်း မရှိသေးသည့် အားကစားအဖွဲ့များမှာ ကာယကြံ့ခိုင်မှု၊ ကြက်တောင်၊ ဘိလိယက်နှင့် စနူကာ၊ စစ်တုရင်၊ မြင်းစီး၊ ဂေါက်သီးရိုက်၊ မွေ၊ ပီတန်း၊ ပိုက်ကျော်ခြင်း၊ ရွက်လှေနှင့် ရိုးရာလှေတို့ဖြစ်ကြသည်။

ပူးတွဲလေ့ကျင့်မှု ပြုလုပ်ခဲ့သည့် အားကစားအဖွဲ့ ၂၁ အဖွဲ့အနက် ဘောလုံးနှင့်ပီတန်း အားကစားနည်းတို့မှာ လာမည့်အောက်တိုဘာလမှ ဂျပန်၊ တောင်ကိုရီးယား၊ကမ္ဘောဒီးယားနိုင်ငံများ၌ ပူးတွဲလေ့ကျင့်မည်ဖြစ်သည်။

No comments: