Monday, September 30, 2013

တက္ကစီကား လုယက်သူသုံးဦး ညတွင်းချင်း ဖမ်းမိ

ဇော်ဇော်ထွေး

တက္ကစီယာဉ်မောင်းအား ဓါးထောက်ပြီး ဆွဲကြိုးနှင့် မော်တော်ယာဉ်တို့ကို လုယက်ခဲ့သူ သုံးဦးကို ရဲတပ်ဖွဲ့က ဖမ်းဆီးနိုင် ခဲ့ကြောင်း ရန်ကုန်တိုင်းရဲတပ်ဖွဲ့မှူးရုံးက စက်တင်ဘာ ၂၅ ရက်တွင် သတင်းထုတ်ပြန်လိုက်သည်။

စက်တင်ဘာ ၂၄ ရက် ည ၉နာရီခွဲ အချိန်က လှိုင်သာယာမြို့နယ်မှ အငှားယာဉ်မောင်းဖြစ်သူ ကိုချစ်စံဝင်းမောင်းနှင်သော ပရိုဘောက် အငှားယာဉ်အား လှိုင်သာယာ ဘီအိုစီအ၀ိုင်း၌ ရပ်ထားစဉ် အမည်မသိ အမျိုးသား သုံးဦးက မီးခွက်ဈေးအောက်ထိပ်သို့ ငွေကျပ် (၁၅၀၀) ဖြင့် ငှားရမ်းသဖြင့် လိုက်ပါ ပို့ဆောင်ပေးခဲ့သည်။

မီးခွက် ဈေးအောက်ထိပ်သို့ ရောက်ရှိစဉ် စက်မှုဇုန်(၄)ဘက်သို့ ထပ်မံမောင်းနှင်ခိုင်းသဖြင့် ဆက်လက်မောင်းနှင်လာခဲ့ရာ ဘုတ်ဆုံမ မှတ်တိုင်အနီးအရောက်တွင် အပေါ့သွားရန် ကားရပ်ခိုင်းခဲ့သည်။

ယင်းအချိန်တွင်ပင် ကားငှားစီးလာသူ သုံးဦးတို့က အချွန်၊ ဓါးမြှောင်များဖြင့် ထောက်ကာ ကိုချစ်စံဝင်း၏ အလေးချိန် သုံးမတ်သားရှိ ရွှေဆွဲကြိုး တစ်ကုံးကို ဖြုတ်ယူခဲ့ပြီး ကျန်နှစ်ဦးက ကိုချစ်စံဝင်းအား ယာဉ်နောက်ခန်းတွင် ညှပ်၍ ထိုင်ခိုင်းထားပြီး ဆွဲကြိုးဖြတ်ယူသူက ရန်ကုန်-ပုသိမ်လမ်းအတိုင်း ယာဉ်အား မောင်းနှင်ခဲ့သည်ဟု ထွက်ဆိုချက် တွင် ဖော်ပြထားသည်။

ယင်းသို့ မောင်းနှင်စဉ် ဘုရားလမ်းမှတ်တိုင်အနီးတွင် စက်ဘီးနှင့် ဆိုက်ကားတို့အားလည်းကောင်း၊ ဘီအိုစီအ၀ိုင်း မှတ်တိုင်အနီးတွင် ရပ်ထားသော ချယ်ရီဝက်ဂွန်ယာဉ်အားလည်းကောင်း တိုက်မိခဲ့သည်ဟုလည်း ဆိုထားသည်။

ယင်းအပြင် ရန်ကုန်-ညောင်တုန်းလမ်းအတိုင်း ဆက်လက်မောင်းနှင်ခဲ့ရာ (၅)ထိပ် မှတ်တိုင်အနီး အရောက်တွင်မော်တော်ယာဉ်မှာ လမ်းဘေးမြောင်းထဲသို့ ကျသွားခဲ့သည်ဟု ဖော်ပြထားသည်။

ထို့ကြောင့် ပက်ဝန်းကျင်ရှိ ပြည်သူများနှင့် လှည့်ကင်းရဲတပ်ဖွဲ့ဝင်များက ၀ိုင်းဝန်းဖမ်းဆီးခဲ့၍ အဆိုပါသုံးဦးအနက် လှိုင်သာယာမြို့နယ်တွင် နေထိုင်သူ ကို-----အား ဖမ်းဆီးရမိခဲ့ပြီး ကျန်နှစ်ဦးမှာ ထွက်ပြေးလွတ်မြောက်သွားခဲ့ဟု ရဲဌာနက ဆိုထားသည်။

ယင်းတို့ နှစ်ဦးကိုလည်း ချက်ချင်းပင် လိုက်လံ စုံစမ်းဖမ်းဆီးရာ စက်တင်ဘာ ၂၅ ရက်နံနက် ၂ နာရီအချိန်တွင် လှိုင်မြို့နယ် သီရိမင်္ဂလာဈေးသစ်တွင် ဖမ်းဆီးရမိခဲ့သည်ဟု ရဲဌာနက ထုတ်ပြန်သည်။

ဆွဲကြိုးနှင့် ယာဉ်လုယက်ခံရသူ ကိုချစ်စံဝင်းတွင်လည်း အခင်းဖြစ်စဉ်က ဓါးထောက်ခံရသဖြင့် လည်ပင်း ယာဘက်၊နောက်ကျောနှင့် ၀ဲ/ယာဝမ်းဗိုက်တို့တွင် ပွန်းခြစ်ဒဏ်ရာများ ရရှိခဲ့သည်။

အမှုဖြင့် ဖမ်းဆီးရမိထားသူ သုံးဦးကို လှိုင်သာယာရဲစခန်းက (ပ)၁၀၈၈/၂၀၁၃ ဖြင့် အမှုဖွင့်ပြီး စစ်ဆေးနေကာ ပြစ်မှု ထင်ရှားပါက ပုဒ်မ ၃၉၄/၁၁၄ တို့ဖြင့် တရားစွဲတင်မည်ဟု ရဲဌာနက မှုခင်းသတင်းထုတ်ပြန်ထားသည်။

No comments: