Saturday, September 28, 2013

UNFC အလုပ် အမှုဆောင် ကော်မီတီ၏ အကြို ညှိနှိုင်း ဆွေးနွေးပွဲ ပြီးဆုံး

နော်ဆွိ

ညီညွတ်သော တိုင်းရင်းသား လူမျိုးများ ဖက်ဒရယ် ကောင်စီ (UNFC) ၏ ဗဟို အလုပ် အမှုဆောင် တိုးချဲ့ အစည်းအဝေးကို ထိုင်းနိုင်ငံ ဇင်းမယ်မြို့တွင် ယနေ့ ပြီးဆုံး သွားသည်ဟု အစည်းအဝေး တက်ရောက် ခဲ့သည့် UNFC အတွင်းရေးမှူး (၂) ဖြစ်သူ ခွန်ဥက္ကာ မှဆိုပါသည်။

“ တချို့ အလုပ် အမှုဆောင်တွေလည်း မတက်ရောက်နိုင်ဘူး။ ပြီးတော့ တိုးချဲ့ အစည်းအဝေးဆိုတော့ ဗဟိုဖက်ဒရယ် ကောင်စီအ စည်းအဝေး မကျင်းပခင်မှာ ပြင်ဆင် စရာတွေကို ပြင်ဆင်ရေး အဆင့် အဖြစ်နဲ့ဘဲ ဆွေးနွေး ခဲ့ကြတာ ဖြစ်ပါတယ်” ဟု ဆိုပါသည်။

ယင်းဆွေးနွေးပွဲတွင် လာမည့် အောက်တိုဘာလ၌ ကျင်းပရန် ရှိသည့် အစိုးရ၏ တစ်ပြည်လုံး အပစ်အခတ် ရပ်စဲရေး ကိစ္စအပေါ် လိုအပ်ချက်များ မည်သို့ စုဆောင်း ကြရမည့် ကိစ္စ။ဂျပန် အစိုးရက ပေးမည့် အကူအညီများ အပေါ် တိုင်းရင်းသား ဒေသ များအတွက် ဖြန့်ချီရေး စနစ် ထားရှိရေး ကိစ္စ။ စားရင်း ဇယားများ ပြုစု မှတ်တမ်း တင်ခြင်း ကိစ္စ။ လိုအပ်သော ပရောချက်များ ရေးဆွဲ သွားရန် ကိစ္စများကို အကြမ်းအားဖြင့် ဆွေးနွေးကြပါသည်။

UNFC သည် လာမည့် အောက်တိုဘာ လဆန်း ပိုင်းတွင် ဗဟို ဖက်ဒရယ် ကောင်စီ အစည်းအဝေး ကျင်းပရန် ရှိပါသည်။ ယင်းအစည်းအဝေးသို့ အဖွဲ့ဝင်များ ထဲမှ အရေးကြီး ပုဂ္ဂိုလ်များ (၃၀) ခန့် တက်ရောက် ကြမည် ဖြစ်သည်။ ဤသို့ ကျင်းပသည့် အခါ အဆင်ပြေ ချောမွေ့ စေရန် အတွက် လိုအပ်သော အစီစဉ်များနှင့် အချက်အလက်များကို ယခုဆွေးနွေးပွဲ၌ ပြင်ဆင် ပေးခဲ့ပါသည်။

ယင်းအစည်းအဝေးတွင် ယခု အစည်းအဝေး၌ အကြမ်းဖျဉ်း ဆွေးနွေးချက် ထားများကို အတည်ပြု ဆုံးဖြတ် ကြမည် ဖြစ်ပါသည်။ ထို့အပြင် ရှေ့လုပ်ငန်းစဉ် အပါဝင် အစိုးရမှ ဖိတ်ကြား ထားသော တပြည်လုံး အပစ်ရပ်ရေး လက်မှတ် ထိုးပွဲ ကိစ္စ သဘော ထားကို အတိအကျ ဆုံးဖြတ် တော့မည် ဖြစ်သည်။

ယခု ဆွေးနွေး ပွဲတွင် ကချင် လွတ်လပ်ရေး အဖွဲ့ ကိုယ်စားလှယ်များ၊ ကရင် အမျိုးသား အစည်းအရုံး ကိုယ်စားလှယ်များ၊ မွန်ပြည်သစ် ပါတီ ကိုယ်စားလှယ်များ၊ ကရင်နီ အမျိုးသား တိုးတက်ရေး ပါတီ ကိုယ်စားလှယ်များ၊ ရခိုင် လွတ်မြောက်ရေး ပါတီ ကိုယ်စားလှယ်များ၊ ပအို့ အမျိုးသား လွတ်မြောက်ရေး အဖွဲ့၊ ရှမ်းပြည် တိုးတက်ရေး ပါတီမှ ကိုယ်စားလှယ်များ စုစုပေါင်း UNFC ဗဟို အလုပ်အမှုဆောင် ကော်မီတီဝင် (၁၂) ဦး တက်ရောက် ခဲ့ပါသည်။

UNFC တွင် အဖွဲ့ဝင် (၁၂) ဖွဲ့ရှိရာ တချို့ ဗဟို အလုပ်မှုဆောင်များ မတက်ရောက်နိုင်ခဲ့ပေ။ UNFC ဗဟို အလုပ်အမှုဆောင် အစည်းအဝေး ကျင်းပနေစဉ် စက်တင်ဘာ (၂၈) ရက်နေ့တွင်လည်း UNFC အဖွဲ့ဝင် ဖြစ်သော KNU နှင့် မွန်ပြည်သစ် ပါတီ တို့သည် အစိုးရ ဖိတ်ကြားသော နိုင်ငံရေး ဆွေးနွေးပွဲ စတင်ရန် အကြို လုပ်ငန်းစဉ်များကို ဆွေးနွေးပွဲကို တက်ရောက်ကြမည် ဖြစ်သည်။

ယင်းဆွေးနွေးပွဲကို မော်လမြိုင်မြို့တွင် ကျင်းပ ကြမည် ဖြစ်ပြီး ၀န်ကြီး ဦးအောင်မင်း အပါဝင် အစိုးရ၏ ဗဟို ငြိမ်းချမ်းရေး စင်တာ အရာရှိများ တက်ရောက် ကြမည် ဖြစ်ပါသည်။

No comments: