Monday, September 30, 2013

အရစ်ကျထုတ်ပေးသည့် လယ်ယာပစ္စည်း ဝယ်ယူလိုအားမြင့်တက်ဟုဆို

ဖဲဘူး

စက်မှုလယ်ယာဦးစီးဌာနမှ တောင်သူလယ်သမားများအတွက် အရစ်ကျရောင်းချပေးနေသည့် လယ်ယာသုံးစက်ပစ္စည်းများအနက် လက်ကိုင်ရှည်ထွန်စက် (ကိုင်းရှည်) အမျိုးအစားသည် တောင်သူများလုပ်ငန်းခွင်တွင် အသုံးပြုမှု များပြာလာသည့်အတွက် ယခုနှစ်အတွင်း ဝယ်လိုအားမြင့်တက်လာသည်ဟု ကယားပြည်နယ် စက်မှုလယ်ယာဦးစီးဌာနမှ ပြည်နယ်ဦးစီးမှူး ဦးထွန်းထွန်းခိုင်ကပြောသည်။

“ကိုင်းရှည်စက်က ဒီဒေသကပိုကြိုက်ပါတယ်။ ဒီကိုင်းရှည်စက်က အင်ဂျင်ကလည်းဆီ .. ၁၁ ကောင် အင်ဂျင်တင်ထားတော့ ဆီစားသက်သာပါတယ်။ ပြီးတော့ ဒီလိုလယ်ကွက်ကျဉ်းကျဉ်းလေးတွေ တောင်စောင်းတွေ အဲလိုနေရာတွေမှာ သုံးလို့ရတယ်”

ပြီးခဲ့သည် ၂၀၁၂ ခုနှစ်အတွင်း လက်ကိုင်ရှည်ထွန်စက် (ကိုင်းရှည်)ကို အစီး ၃၀၀ ကျော်ခန့် ရောင်းချရပြီး ယခုနှစ်ဝက်အတွင်းတွင် အစီး ၁၇၀ ကျော်ခန့်ရောင်းချပြီးနေပြီဖြစ်ကြောင်း သိရသည်။

စက်မှုလယ်ယာဦးစီးဌာနမှ အရစ်ကျရောင်းချပေးနေသော လယ်ယာသုံးစက်ပစ္စည်းများမှာ လက်ကိုင်ရှည် ထွန်စက်(ကိုင်းရှည်) ၊ ဒေါင်းဖန်းထွန်စက်(ကျွဲချို)၊ နှင့်ထွန်စက်ကြီးတို့ဖြစ်ပြီး တနှစ်လျှင်ကျသင့်တန်ဖိုး၏ ၃၅ ရာခိုင်နှုန်း စီဖြင့် သုံးနှစ် အရစ်ကျပေးချေရမည်ဟု သိရသည်။

“အဲလိုအရစ်ကျပေးတာက ငွေမရှိတဲ့လူတွေအတွက် ကောင်းတာပေါ့။ ငွေတတ်နိုင်ရင်တော့ တခါထဲအပြီးဝယ်ရင် ပိုကောင်းတယ်လေ” ဟု လယ်သမားတဦးဖြစ်သော ပရေးရယ်ကပြောသည်။

လက်ကိုင်ရှည်ထွန်စက် (ကိုင်းရှည်) မြင်းကောင်ရေ ၁၁ကောင်အင်ဂျင်နှင့် အပိုပစ္စည်းများဖြစ်သည့် လေးပိုင်းထယ်၊ နှစ်သွားထယ်၊ ထွန်စက်များပါဝင်သည့် လယ်ထွန်စက်တစီးကို ကျပ် ၁၄ သိန်းနှင့် ခုနှစ်ထောင်ဖြစ်ပြီး ဒေါင်းဖန်းထွန်စက်(ကျွဲချို) မြင်းကောင်ရေ ၂၂ ကောင်အင်ဂျင်နှင့် သုံးသွားထယ်ပါ လယ်ထွန်စက်အမျိုးအစားကို ကျပ်၁၅သိန်းကျော် အပြင် အိန္ဒိယ နိုင်ငံထုတ် ဆိုနာလီကာ အမျိုးအစား လယ်ထွန်စက်ကြီး မြင်းကောင်ရေ ၇၅ ကောင် ကို ကျပ်သိန်း ၂၀၄ သိန်းဖြစ်ပြီး မြင်းကောင်ရေအား ၉၀ ရှိသည့် လယ်ထွန်စက်ကြီးကိုတော့ ၂၁၇ သိန်း ၂သောင်းဖြင့် အရစ်ကျရောင်းချပေးနေကြောင်း သိရသည်။

လယ်ထွန်စက်များကို ၁၉၉၂-၉၃ ခုနှစ်တွင် တကြိမ် တရုတ်နီပစ္စည်း လယ်ယာ ၁၂ အမျိုးအစားထုတ်ပေးခဲ့ရာ တောင်သူများ အသုံးပြုမှုများပြားလာခဲ့ပြီး ၁၉၉၅-၉၆ ခုနှစ်နောက်ပိုင်းတွင် မြန်မာ-တရုတ်ဖက်စပ်ပစ္စည်းဖြစ်သည့် လယ်ယာ ၁၆ အမျိုးအစားများကို ကျပ် ၇ သိန်းခွဲဖြင့်အရစ်ကျ စနစ် ထပ်မံထုတ်ပေးခဲ့ရာ စက်ပစ္စည်းအရည်အသွေး မကောင်းသဖြင့် အရှုံးပေါ်ခဲ့ကြကြောင်း သိရသည်။

စက်မှုလယ်ယာဦးဌာနမှ ရောင်းချပေးသော လယ်ယာသုံးစက်ပစ္စည်းများ ၀ယ်ယူသူများကို after save service အဖြစ် ပြန်လည်ပြုပြင်ပေးရေးလုပ်ငန်းများ ဆောင်ရွက်ပေးလျက်ရှိသည်ဟု သိရသည်။

No comments: