Friday, September 27, 2013

မြန်မာနိုင်ငံတွင် အရပ်အရှည်ဆုံးဖြစ်သည့် ကိုဝင်းဇော်ဦးခွဲစိတ် စရိတ်ကုန်ကျမှု သိန်း ၆၀၀ ခန့် ရှိ

အေးမြင့်စန်း | သောကြာနေ့၊ စက်တင်ဘာလ ၂၇ ရက် ၂၀၁၃

တစ်လလျှင် ငါးသိန်းနှုန်းဖြင့် ပါမောက္ခ ဒေါက်တာခင်မောင်ဝင်းက ထောက်ပံ့မည်

ကြီးထွားဟော်မုန်း အထွက်များသည့် ရောဂါ ဝေဒနာခံစားနေရသည့် မြန်မာနိုင်ငံတွင် အရပ်အရှည်ဆုံးဖြစ်သော ကိုဝင်းဇော်ဦးကို စင်ကာပူနိုင်ငံတွင် ခွဲစိတ်ကုသရာ ခွဲစိတ်စားရိတ် ကုန်ကျငွေသိန်း ၆၀၀ ခန့်ရှိသည်ဟု ၄င်းကို ခွဲစိတ်ပေးရာတွင်တာဝန်ယူပေးခဲ့သော ပါမောက်္ခ ဒေါက်တာ ခင်မောင်ဝင်း(အသည်း)က စက်တင်ဘာ ၂၆ ရက်တွင် ပြောသည်။

ကိုဝင်းဇော်ဦးမှာ မြန်မာနိုင်ငံတွင် အရပ် အရှည်ဆုံးဖြစ်ပြီး အရပ် ၇ ပေ ၁၀ လက်မရှိကာ ၄င်းကိုစင်ကာပူ
နိုင်ငံတွင် အောင်မြင်စွာ ခွဲစိတ်ကုသနိုင်ခဲ့သည် ဟုလည်း ပါမောက်္ခ ဒေါက်တာခင်မောင်ဝင်း (အသည်း)က အတည်ပြု ပြောကြားသည်။

၎င်းသည် ကြီးထွားဟော်မုန်းအထွက်များသည့် ရောဂါခံစားနေရပြီး Pituitary (ပီကျုကလင်း) အကျိတ် ရှိနေသည့် အတွက် စင်ကာပူနိုင်ငံ၊ အထွေထွေရောဂါကု ဆေးရုံတွင် ခွဲစိတ်ကုသူမှု ခံယူခဲ့ခြင်း ဖြစ်သည်။

ဒေါက်တာ ခင်မောင်ဝင်း (အသည်း) က“ထပ်မံခွဲစိတ်စရာ မလိုတော့အောင် ခွဲစိတ်အောင်မြင်ခဲ့ပါတယ်၊ ပုံမှန် အတိုင်း နေထိုင်စားသောက်လို့တယ်။ ဆေးလေးဆက်သောက်ရုံလောက်ပဲလိုအပ်တယ် ” ဟု ပြောသည်။

ကိုဝင်းဇော်ဦးကို တစ်နှစ်လျှင် တစ်ကြိမ် စင်ကာပူနိုင်ငံသို့ သွားရောက် ပြသရမည် ဖြစ်ပြီး လစဉ်ဆေးဝါးများ ဆက်လက်သောက်သုံးရန် ဒေါက်တာခင်မောင်ဝင်းက တစ်လလျှင် ငါးသိန်းနှုန်းဖြင့် ထောက်ပံ့ပေးသွား မည်ဖြစ်ကာ ကာယကံရှင်က ရန်ကုန် တွင်နေထိုင်ရန်ဆန္ဒရှိပါက နေအိမ်စီစဉ် ပေးသွားမည်ဖြစ်သည်။

ကိုဝင်းဇော်ဦးသည် မကွေးတိုင်းဒေသကြီး၊ နတ်မောက်မြို့ ထုံးပေါက်ကျေးရွာတွင် နေထိုင်သူ ဖြစ်သည်။ ကိုဝင်းဇော်ဦးအနေဖြင့်မူ ရန်ကုန်တွင် နေထိုင်ရန် ဆန္ဒမရှိဘဲ နေရပ်တွင်သာ ဆက်လက် နေထိုင်မည်ဟု ဆိုသည်။

၎င်းက“အခု ခွဲစိတ်ပြီး နောက်ပိုင်းမှာတော့ မျက်လုံးတစ်ဖက်တော့ နည်းနည်းဝါးနေတယ်။ တခြားတော့မဖြစ်ဘူး။ ကျန်းမာရေးက ကောင်းပါတယ်။ အမေနဲ့တွေ့ ချင်တယ်၊ ကျွန်တော် ဇာတိမှာပဲနေထိုင် လုပ်ကိုင်စားသောက် သွားမှာပါ။ အိမ်ထောင်တော့မပြုတော့ပါဘူး။ ဘာသာရေးပဲ ဆက်လုပ်သွားမှာပါ”ဟုပြောသည်။

ကိုဝင်းဇော်ဦးကို စင်ကာပူနိုင်ငံရှိ အထွေထွေရောဂါကု ဆေးရုံတွင် စက်တင်ဘာ ၃ ရက်တွင် ရှစ်နာရီကျော်ကြာ ခွဲစိတ်ကုသခဲ့ခြင်းဖြစ်ပြီး ကိုဝင်းဇော်ဦးကို ခွဲစိတ်ကုသပေးခဲ့သည် စင်ကာပူ အထွေထွေရောဂါ ဆေးရုံရှိ ဦးနှောက် အာရုံကြော သိပ်္ပံဌာနကို ဦးနှောက်အာရုံကြော သိပ်္ပံအဖွဲ့စည်းအဖြစ် စင်ကာပူအစိုးရက ဂုဏ်ပြုသတ်မှတ်ပေး လိုက်သည်ဟု ဒေါက်တာ ခင်မောင်ဝင်းက ပြောသည်။

ကိုဝင်းဇော်ဦးကို ကမ္ဘာက အာရုံစိုက်လာသည့် အနေအထား ရောက်သွားသည့်အတွက် ခွဲစိတ်ကုသပေးနေသည့် အချိန်အတွင်း စင်ကာပူ အစိုးရမှ လုံခြုံရေး အပြည့် စီစဉ်ပေးထားခြင်းလည်း ရှိသည်ဟု ဒေါက်တာ ခင်မောင်ဝင်း က ပြောသည်။

၎င်းကို ခွဲစိတ်ခြင်း မပြုပါက နှစ်နှစ်ခန့်သာ အသက်ရှင် နေထိုင်နိုင်သည်ဟုလည်း ၄င်း၏ ပြောကြားချက်အရ သိရသည်။

No comments: