Monday, September 30, 2013

ထိုင်းနိုင်ငံ ငါးဖမ်းစက်လှေပေါ် တရားမ၀င် ပို့ဆောင်ခဲ့သူ သားအမိနှစ်ဦးကို အမှုဖွင့်ထား

ဇော်ဇော်ထွေး

ရန်ကုန်မှ ရေလုပ်သားငါးဦးကို ထိုင်းနိုင်ငံရှိ ငါးဖမ်းစက်လှေပေါ်သို့ တရားမ၀င် ပို့ဆောင်အလုပ်သွင်းပေးခဲ့သည့် သားအမိနှစ်ဦးကို စက်တင်ဘာ ၂၄ ရက်က အမှုဖွင့်တိုင်တန်းလိုက်သဖြင့် ကြည့်မြင်တိုင် စက်ဆန်းနယ်မြေရဲစခန်းက အမှုဖွင့်ဆောင်ရွက်လျက်ရှိသည်။

ပြီးခဲ့သည့် ဖော်ဖော်ဝါရီလအတွင်းက ယင်း၏ နေအိမ်သို့ တစ်ရပ်ကွက်တည်းနေ ဒေါ်.... ရောက်လာပြီး ခင်ပွန်းဖြစ် သူနှင့် သားငယ်အား ထိုင်းနိုင်ငံရှိ ငါးဖမ်းသင်္ဘောတွင် အလုပ်သွင်းပေးမည်ဟုပြောဆိုခဲ့သဖြင့် လက်ခံသဘောတူ ခဲ့သည်ဟု ကြည့်မြင်တိုင် ဘလုတ်ညွန့်ရပ်ကွက်၊ အင်ကြင်းလမ်းနေ ဒေါ်မိုးက အမှုဖွင့်တိုင်တန်းချက်တွင် ဖော်ပြ ထားသည်။

ထို့နောက် သားငယ်နှင့်အတူ လင်းထိုက်၊ နေလင်းအောင်၊ မျိုးမင်းဦးနှင့် အမည် မသိလူတစ်ဦးတို့ကို ဒေါ်----က စုဆောင်းပေးကာ ၎င်းင်း၏သားဖြစ်သူ ကို-----က ထိုင်းနယ်စပ်ရှိ ရနောင်းမြို့သို့ ပို့ဆောင်ပေးပြီး ထိုင်းငါးဖမ်း သင်္ဘောတွင် ပြည်ပအလုပ်အကိုင်ရှာဖွေခွင့် လိုင်စင်မရှိဘဲ အလုပ်သွင်းပေးခဲ့သည်ဟု တရားလိုက ထွက်ဆိုထားသည်။

စက်တင်ဘာ ၂၃ ရက်တွင် တရားလို၏ ခင်ပွန်းဖြစ်သူနှင့် သားငယ်တို့ နေအိမ်သို့ ပြန်လည်ရောက်ရှိလာပြီး ၎င်းတို့ ငါးဦးအား တရားမ၀င်လမ်းကြောင်းမှ တစ်ဖက်နိုင်ငံထဲသို့ အလုပ်လုပ်ရန် ပို့ဆောင်ပေးခဲ့ခြင်းဖြစ်ကြောင်းပြန်လည်ပြောပြသဖြင့် သိရှိခဲ့ရသည်ဟု ဒေါ်မိုးက ရဲစခန်းကို ပြောပြထားသည်။

ယင်းကြောင့် ဒေါ်-----နှင့် ယင်း၏ သားဖြစ်သူ မောင်---- တို့အား အရေးယူပေးရန် တိုင်တန်းလိုက်ခြင်းဖြစ်သည်။

အဆိုပါ တိုင်တန်းချက်ကို စက်ဆန်း နယ်မြေရဲစခန်းက (ပ)၃၄၄/၂၀၁၃ဖြင့် အမှုဖွင့်ပြီး တိုင်တန်းခံရသူ တစ်ဦးဖြစ် သည့် ဒေါ်-----အား ဖမ်းဆီးစစ်ဆေးနေပြီး မောင်----အား ဖမ်းဆီးရမိရေးကိုလည်း စုံစမ်းနေသည်။

ပြစ်မှုမှန်ကန်ကြောင်း ပေါ်ပေါက်ပါက တိုင်တန်းခံထားရသူများကို ပြည်ပအလုပ်အကိုင် အက်ဥပဒေပုဒ်မ ၂၆ ဖြင့် တရားစွဲမည်ဟု တိုင်းရဲဌာနက ဆိုထားသည်။

No comments: