Sunday, September 29, 2013

ဝှက်ထားသည့် ငွေ သိန်းနှစ်ဆယ် ပျောက်ဆုံးမှုကြောင့် အိမ်အကူကို စွပ်စွဲ

ဇော်ဇော်ထွေး

ဆန်ပုံးအတွင်း ဆန်များအောက် ဝှက်ထားသည့် ငွေကျပ်သိန်း(၂၀) ပျောက်ဆုံးမှုအတွက် အိမ်အကူဖြစ်သူအား ခိုးယူသူအဖြစ် စွပ်စွဲပြီး သင်္ဃန်းကျွန်းရဲစခန်း၌ စက်တင်ဘာ ၂၃ တွင် အမှုဖွင့်တိုင်တန်းလိုက်သည်။

အဆိုပါ အမှုကို ဦးစိုးမောင်(၇၈)နှစ်၊ မြန်မာ့ဆိပ်ကမ်း(ငြိမ်း) အမှတ်၂၀၅၊ ငမိုးရိပ် (၈)လမ်း၊ လိုင်း(၁)၊ ငမိုးရိပ်ရပ်ကွက်နေသူက အမှုဖွင့်တိုင်တန်းထားခြင်းဖြစ်သည်။

၎င်းသည် လွန်ခဲ့သော (၂၀)ရက်မှ စတင်၍ မသန်းသန်းဝင်း (စုံစမ်းဆဲ) အား အိမ်အကူအဖြစ် တစ်လလျှင်လေးသောင်းကျပ်ပေး၍ အိမ်အကူအဖြစ် နေထိုင်စေခဲ့သည်ဟု ဆိုထားသည်။ ထို့ပြင် စက်တင်ဘာ ၁၀ ရက်က မသန်းသန်းဝင်း၏ အခန်းအတွင်း ထားရှိသော ကော်ဆန်ပုံးအတွင်း ဆန်များအောက်၌ ငွေကျပ် သိန်း(၂၀) အား ဝှက်ထားခဲ့ပြီး စက်တင်ဘာ ၁ ရက်တွင် မော်ကျွန်းမြို့နယ်၊ ကျိုက်ပိ ကျေးရွာသို့ အလှူကိစ္စဖြင့်နေအိမ်အား သော့ပိတ်ပြီး မိသားစုလိုက် သွားရောက်ခဲ့သည်ဟုလည်း တရားလိုက ရဲကို တိုင်တန်း ပြောပြ ထားသည်။

ထို့နောက် စက်တင်ဘာ ၁၆ ရက်တွင် နေအိမ်သို့ ပြန်လည်ရောက်ရှိခဲ့ပြီး စက်တင်ဘာ ၁၇ ရက်တွင် အိမ်အကူဖြစ်သူ မသန်းသန်းဝင်းက အိမ်ဖော် မလုပ်လိုကြောင်းပြောသဖြင့် အလုပ်မထွက်ရန် ပြောဆို ခဲ့သော်လည်း စက်တင်ဘာ ၁၈ ရက်တွင် ဦးစိုးမောင်တို့ မရှိခိုက် နေအိမ်မှ ထွက်သွားခဲ့သည်။

၎င်းနေထိုင်သည့် အခန်းအတွင်း ထားရှိသော ကော်ဆန်ပုံးအတွင်းမှ ဆန်များ အောက်ဝှက်ထားသည့်ငွေကျပ်သိန်း (၂၀)အား နေရာပြောင်းရွှေ့ သိမ်းဆည်းရန် ကြည့်ရှုရာတွင်လည်း ပျောက်ဆုံးနေခဲ့ခြင်းဖြစ်သည်။

ထို့ကြောင့် ဦးစိုးမောင်က အိမ်အကူ ဖြစ်သူ မသန်းသန်းဝင်းအား ငွေများခိုးယူသူအဖြစ် စွပ်စွဲတိုင်တန်း ထားခြင်းလည်း ဖြစ်သည်။ ယင်းတိုင်တန်းမှုကို သင်္ဃန်းကျွန်း ရဲစခန်းက (ပ)၃၈၅/၂၀၁၃ ဖြင့် အမှုဖွင့်ပြီး စွပ်စွဲ တိုင်တန်း ခံထားရသူအား ဖမ်းဆီးရမိရေး စုံစမ်းနေကြောင်းနှင့် ခိုးယူသွားကြောင်း ဟုတ်မှန်ပါက ပုဒ်မ ၃၈၁ဖြင့် တရားစွဲမည် ဖြစ်ကြောင်း တိုင်းရဲဌာနက ဆိုထားသည်။

No comments: