Sunday, September 29, 2013

မြေးဖြစ်သူကို အဓမ္မကျင့်ရန် ကြံစည်ဟု အဘွားဖြစ်သူက တိုင်တန်း

ဇော်ဇော်ထွေး

အသက်မပြည့်သေးသည့် မြေးဖြစ်သူကို လူတစ်ဦးက အဓမ္မပြုကျင့်ရန် ကြံစည်ဟု အဘွားဖြစ်သူ၏ တိုင်တန်းမှုကို သုံးခွရဲစခန်းက စက်တင်ဘာ ၂၂ တွင် အမှုဖွင့်လိုက်သည်။

အဆိုပါ ဖြစ်စဉ်မှာ စက်တင်ဘာ ၂၀ ရက် မွန်းလွဲ ၂ နာရီအချိန်က သုံးခွမြို့နယ်အတွင်း ကျေးရွာတစ်ခုရှိ လယ်ကွင်းအတွင်းတွင် ဖြစ်ပွားခဲ့ခြင်းဖြစ်သည်ဟု (၄၇)နှစ်အရွယ် အဘွားဖြစ်သူက အမှုဖွင့်ရာတွင်ပြောထားခြင်းဖြစ်သည်။

အမှုတွင် အဘွားဖြစ်သူက ကျေးရွာမှ လယ်ကွင်းအတွင်းရှိ နေအိမ်သို့ပြန်လာစဉ် ရေမြောင်းတံတားအလွန်လမ်း၏ ဝဲဘက် ဓနိတောစပ်အရောက်တွင် အတူနေမြေးဖြစ်သူကို လူတစ်ဦးမှ အဓမ္မပြုကျင့်ရန် ကြံစည်နေမှုကို ကိုယ်တိုင်တွေ့ ရှိခဲ့ခြင်းလည်းဖြစ်သည်ဟု ဆိုထားသည်။

သူမနှင့်အတူနေ မြေးဖြစ်သူ မ---- (၁၄)နှစ်အား တစ်ရွာတည်းနေသည့် (၂၀) နှစ် အမျိုးသားတစ်ဦးက မြေကြီးပေါ် သို့ တွန်းလှဲပြီး ပါးစပ်ပိတ်ကာ သားမယားအဖြစ် ပြုကျင့်ရန် ကြံစည်နေသဖြင့် "ဘာလုပ်တာလဲ" ဟု မေးမြန်းရာ ကြံစည်သူမှာ ထွက်ပြေး သွားခဲ့သည်ဟုလည်း ရဲကို ပြောပြထားသည်။

တိုင်တန်းခံထားရသူအား ဖမ်းဆီးမိ၍ ပြစ်မှုကျူးလွန်ခဲ့ကြောင်း စစ်ဆေးတွေ့ရှိပါ ကလည်း ပြစ်မှုပုဒ်မ ၃၇၆/၅၁၁ဖြင့် တရားစွဲတင်မည်ဟု သိရသည်။

ယင်းနေ့တွင်ပင် အသက်မပြည့်သေးသည့် ကလေးငယ်ကို ခိုးယူပေါင်းသင်းနေမှုဖြင့် ၂၃ နှစ်အရွယ် အမျိုးသား တစ်ဦးကို အရေးယူပေးရန် တိုင်ကြားမှုတစ်ခု ရှိခဲ့သဖြင့် သက်ဆိုင်ရာ မြို့နယ်ရဲစခန်းဖြစ်သည့် ဒဂုံတောင်ရဲစခန်းက (ပ)၇၈၈/၂၀၁၃ဖြင့် အမှုဖွင့်ပြီး တိုင်တန်းခံထားရသူအား ပုဒ်မ ၃၆၃ဖြင့် တရားစွဲတင်ရန် ဖမ်းဆီးစစ်ဆေးနေသည်ဟုလည်း ရန်ကုန်တိုင်းရဲတပ်ဖွဲ့မှူးရုံး၏ မှုခင်းမှတ်တမ်းများအရ သိရသည်။

No comments: