Saturday, September 28, 2013

NLD ငွေရတုအခမ်းအနားကို ရန်ကုန်နှင့် မန္တလေးတွင် ကျင်းပ

အောင်ကိုဦး

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် စတင်တည်ထောင်ခဲ့သည့် ၂၅နှစ်ပြည့် ငွေရတု နှစ်ပတ်လည်နေ့ အခမ်းအနားကို ရန်ကုန်နှင့် မန္တလေးမြို့များတွင် ယနေ့နံနက် ကျင်းပခဲ့သည်။

NLD ငွေရတုနှစ်ပတ်လည်နေ့ အခမ်းအနားကို ရန်ကုန်မြို့ ဗဟန်းမြို့နယ်ရှိ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ရုံးချုပ်တွင် နံနက် ၉နာရီခွဲက ကျင်းပခဲ့ပြီး အဖွဲ့ချုပ်ဥက္ကဌ ဒေါ်အောင်ဆန်းစုကြည်က အမှာစကားပြောကြားခဲ့သည်။

ထို့အပြင် မန္တလေးမြို့တွင်လည်း ၂၆လမ်း၊ ၈၇လမ်းနှင့် ၈၈ကြားရှိ ပဒုမ္မာခန်းမတွင် နံနက် ၉ နာရီမှစတင်ကာ ကျင်းပခဲ့သည်။ အခမ်းအနားသို့ အဖွဲ့ချုပ်ဥက္ကဌ ဒေါ်အောင်ဆန်းစုကြည်က ငွေရတုနှစ်ပတ်လည်နေ့ အထိမ်းအမှတ်အဖြစ် သဝဏ်လွှာပေးပို့ခဲ့သည်။

ထိုသဝဏ်လွှာတွင် "ကျွန်မတို့ ဆင်နွှဲနေဆဲ အရေးတော်ပုံ ဖြတ်သန်းနေဆဲ လှုပ်ရှားမှုတွေထဲမှာ ခရီးဆက်နေရတဲ့သူတွေပါ။ ခရီးတွေရဲ့ ထုံးစံအတိုင်း မှတ်တိုင်တစ်ခုကို ဖြတ်သန်းခဲ့ရပေမယ့် အရေးတော်ပုံတွေက ပြီးဆုံးသွားတယ်ရယ်လို့ မရှိဘူး။ အထက်မြန်မာပြည်က ပြည်သူ ပြည်သားတွေနဲ့ အဖွဲ့ချုပ်အဖွဲ့ဝင်တွေကလည်း တစ်ညီတစ်ညွှတ်တည်း ဆက်လက်ပြီး လက်တွဲကြမယ်လို့ ယုံကြည်ပါတယ်။ ကျွန်မတို့ အတူတကွ ခရီးဆက်ကြပါစို့"ဟု ဖတ်ကြားသွားသည်။

အခမ်းအနားသို့ ရွှေညဝါဆရာတော်ကြီး ကြွရောက်ကာ NLD အဖွဲ့ဝင်ဟောင်းများနှင့် မျိုးဆက်သစ် NLDအဖွဲ့များအား "ရှေးယခင်ကကဲ့သို့ အာဏာရှင်စနစ်ကို လက်တွဲညီညီနှင့် တိုက်ထုတ်တွန်းလှန်ရန်" သြဝါဒစကား ချီးမြှင့်ခဲ့သည်။

NLD ၂၅နှစ်ပြည့် ငွေရတုအခမ်းအနားကို မန္တလေးမြို့တွင် သုံးရက်တာ ကျင်းပမည်ဖြစ်ပြီး NLD ဖြတ်သန်းမှု ပုံရိပ်များအား ပြသသွားမည်ဖြစ်သည်ဟု မန္တလေးတိုင်း အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်မှ ပြန်ကြားရေးတာဝန်ခံ ဦးဘကြီးအောင်က ပြောသည်။

အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် NLD ကို ၁၉၉၈ခုနှစ် စက်တင်ဘာ ၂၄ ရက် ဦးအောင်ကြီး၊ ဦးတင်ဦးနှင့်ဒေါ်အောင်ဆန်းစုကြည်တို့နှင့် စတင်ဖွဲ့စည်းခဲ့သည်။ ၁၉၉၈ ခုနှစ် စက်တင်ဘာ ၂၇ တွင် န၀တအစိုးရက နိုင်ငံရေးပါတီအဖြစ် အသိအမှတ် ပြုခဲ့သည်။ ၂၀၁၀ ခုနှစ် အထွေထွေရွေးကောက်ပွဲတွင် ၀င်ရောက်မယှဉ်ပြိုင်ဟု ဆုံးဖြတ်ခဲ့ပြီးနောက် မေလတွင် တရားမ၀င်အဖွဲ့အစည်းအဖြစ် သတ်မှတ်ခြင်းခံရသည်။

No comments: