Sunday, September 29, 2013

ကွာရှင်းပြီး လင်ယောကျာ်းကို ခိုးမှုဖြင့် အမှုဖွင့်

ဇော်ဇော်ထွေး

ကျပ်သိန်း ၁၁၀ ကျော်တန်ဖိုးရှိ လက်ဝတ်ရတနာနှင့် ငွေများ ခိုးယူဟုဆိုကာ ကွာရှင်းထားသည့် လင်ယောကျာ်း အား အရေးယူပေးရန် တိုင်တန်းမှုတစ်ခုကို စက်တင်ဘာ ၂၂ ရက်တွင် သာကေတ ရဲစခန်းက အမှုဖွင့် ဆောင်ရွက်နေသည်ဟု ရန်ကုန်တိုင်းရဲတပ်ဖွဲ့မှူးရုံးမှ သိရသည်။

စက်တင်ဘာ ၂၁ ရက်ည ၇နာရီခွဲက ၎င်း၏ နေအိမ်သို့မေလအတွင်းက တရားဝင် ကွာရှင်းထားပြီဖြစ်သောယောကျာ်းဖြစ်သူ ရောက်ရှိလာပြီး ၎င်း၏ သားများဖြင့် တွေ့ဆုံခဲ့စဉ် သူမက နေအိမ်နောက်ဖေးတွင် အလုပ်လုပ်နေခဲ့သည်ဟု ရဲတိုင်တန်းရာတွင် မင်းမင်းမြတ် (၃၇) နှစ်၊ (၆) ရပ်ကွက် သာကေတ မြို့နယ်နေ သူက ထွက်ဆိုထားသည်။

ထို့နောက် ည ၈ နာရီအချိန်တွင် နေအိမ်ရှေ့သို့ ထွက်လာရာတွင် နေအိမ်ရှေ့ခန်းရှိ ဗီရိုတံခါးမှာ ဟနေခဲ့သည်ကိုတွေ့ရှိခဲ့သည်ဟုလည်း ရဲအား ပြောထားသည်။

ဗီရိုအတွင်း စစ်ဆေးရာတွင် စိန်လော့ကတ်သီးအဝိုင်းပုံတစ်ခု တန်ဖိုးသိန်း၈၀၊ စိန်လက်စွပ် အခုံးပုံတစ်ကွင်း တန်ဖိုး၂၅ သိန်း၊ ငွေငါးထောင်တန် တစ်အုပ် တန်ဖိုး ငါးသိန်း ၊ ဆင်းကတ်ပါ ဖုန်းတစ်လုံး တန်ဖိုးနှစ်သိန်း စုစုပေါင်း ကျပ်၁၁၂သိန်းမှာ ပျောက်ဆုံးနေသည်ကို သိရှိခဲ့ရသည်ဟု ဆိုထားသည်။

ထို့ကြောင့် သူမက ယင်း၏ ကွာရှင်းထားသော လင်ယောကျာ်းဖြစ်သူ အောင်မင်းဦး (၄၀) နှစ်အား ပစ္စည်းများ ခိုးယူသူအဖြစ် စွပ်စွဲ တိုင်တန်းလိုက်ခြင်းလည်း ဖြစ်သည်ဟု ရဲဌာနက ဆိုထားသည်။

ယင်းတိုင်တန်းမှုကို မြို့နယ်ရဲစခန်းက (ပ)၅၃၁/၂၀၁၃ဖြင့် အမှုဖွင့်ပြီး စွပ်စွဲတိုင်တန်းခံထားရသူအား ဖမ်းဆီးစစ်ဆေး လျက်ရှိကာ ပြစ်မှုကျူးလွန်ကြောင်း မှန်ကန်ပါက ပုဒ်မ ၃၈၀ ဖြင့် တရားစွဲတင်မည်ဟု ရဲမှုခင်း မှတ်တမ်းတွင် ဖော်ပြထားသည်။

No comments: