Monday, September 30, 2013

အလင်းဝင် ကေအိုင်အေ ဒု-ဗိုလ်တစ်ဦးအား မမှန်မကန်ရန်သူသတင်းပေးသူဟု စွပ်စွဲကာ အမှုဖွင့်

ဇော်ဇော်ထွေး

ကေအိုင်အေမှ အလင်းဝင်ရောက်ခဲ့သူ ဒု-ဗိုလ်တစ်ဦးအား မမှန်မကန် ရန်သူ သတင်းပေးသူဖြစ်ကြောင်း စစ်ဆေးတွေ့ရှိခဲ့သဖြင့် တရားစွဲတင်ရန် ဒလရဲစခန်းတွင် စက်တင်ဘာ ၂၄ ရက်က အမှုဖွင့်တိုင်တန်းထားကြောင်း ရန်ကုန်တိုင်း ရဲတပ်ဖွဲ့မှူးရုံးမှ သတင်းရရှိသည်။

အမှုဖွင့် တိုင်တန်းခံထားရသူမှာ ကချင်လွတ်မြောက်ရေးတပ်မတော်(KIA) တပ်မဟာ(၂)၊ တပ်ရင်း(၆)မှ ကိုယ်ပိုင် အမှတ် ..ဒုဗိုလ်အဆင့်ရှိသည့် တူးအောင် (ခ)ဂျော်ကာ(၃၄)နှစ်၊ ရွှေမှော်လုပ်သား၊ ကချင်/ဗုဒ္ဓ၊ ဖားကန့်မြို့နယ် ကချင်ပြည်နယ်နေသူဖြစ်သည်။

၎င်းသည် စက်တင်ဘာ ၁၇ ရက်က ည ၈ နာရီအချိန်က ဒလမြို့နယ် သပြေကုန်းကျေးရွာရှိ စစ်ဘက်ရေးရာလုံခြုံရေးတပ်ဖွဲ့(ရေ)သို့ လာရောက်ပြီး သံဖြူဇရပ်ဘက်မှ (KIO) အဖွဲ့ ဗိုလ်အဆင့်ရှိသူ တစ်ဦးပါ ကျား(၆)ဦး၊ မ(၄)ဦးတို့သည် လက်နက်မျိုးစုံ(၁၀)လက်ဖြင့် စက်တင်ဘာ ၁၈ ရက်တွင် ရန်ကုန်သို့ လာရောက် အလင်းဝင်ရောက်မည်ဟု သတင်းပေးခဲ့သည်။

ထို့ကြောင့် ၎င်းကို စစ်ကြောရေးဆိုင်ရာ တွေ့ဆုံမေးမြန်း စစ်ဆေးခဲ့ရာတွင် တူးအောင်(ခ)ဂျော်ကာသည် အမှတ်(၃၅)ခြေလျင်တပ်ရင်း (သာယာဝတီ)မှ တစ်ဆင့် တောင်းပိုင်းတိုင်းစစ်ဌာနချုပ်၊ စစ်ဘက်ရေးရာ လုံခြုံရေးတပ်ဖွဲ့သို့ ၂၀၁၃ ခုနှစ် ဇန်န၀ါရီ ၇ ရက်က နက်နက်မဲ့အလင်း ၀င်ရောက်လာသူဖြစ်သည်ကို မှန်ကန်စွာ စစ်ဆေးတွေ့ရှိခဲ့သည်။

သို့သော်လည်း တိုင်းစစ်ဌာနချုပ်က အလင်းဝင်ရောက်လာသူ တစ်ဦးဖြစ်ကြောင်း ထောက်ခံချက် မူရင်းအား ပြသနိုင်ခြင်း မရှိဘဲ လက်ရေးဖြင့် ပြန်လည်ရေးသားထားသောစာရွက်တွင် တပ်ဖွဲ့မှူးအရာရှိ လက်မှတ်အား ရေးထိုး ထားခြင်း၊ သက်ဆိုင်ရာတံဆိပ်တုံးအား လက်ရေးဖြင့် ရေးဆွဲအသုံးပြုထားခြင်းနှင့် မမှန်မကန် ရန်သူသတင်းများဖြန့်ဝေသူတစ်ဦးဖြစ်ကြောင်းကို စစ်ဆေးပေါ်ပေါက်ခဲ့သည် ဟုလည်း စစ်ဘက်မှ တရားလိုက ဆိုထားသည်။

ထို့ကြောင့် ၎င်းင်းအား အရေးယူပေးရန် စစ်ဘက်ရေးရာတပ်ဖွဲ့(ရေ) ဒလမြို့နယ်မှ အုပ်ခွဲတပ်ကြပ်ကြီး ထိန်လင်းက အမှုဖွင့်တိုင်တန်း ခဲ့ခြင်းဖြစ်သည်။

ယင်းတိုင်တန်းမှုကို မြို့နယ်ရဲစခန်းက ပြစ်မှုပုဒ်မ ၄၂၀/၄၆၈ တို့ဖြင့် တရားစွဲတင်ရန် ဆောင်ရွက်သွားမည်ဖြစ်သည်ဟု တိုင်းရဲဌာနက ဆိုထားသည်။

No comments: