Friday, September 27, 2013

ရေလုပ်ငန်းကဏ္ဍ CMP လုပ်ကိုင်ခွင့် ရရှိပြီး ရှစ်လ၀န်းကျင်အထိ ဈေးကွက်ကျယ်ပြန့် စွာ မစတင်နိုင်သေး

ထင်လင်းအောင် | သောကြာနေ့၊ စက်တင်ဘာလ ၂၇ ရက် ၂၀၁၃

လက်ခစား CMP လုပ်ငန်းများ လုပ်ကိုင်ခွင့်ရရှိခဲ့ပြီး ရှစ်လ၀န်းကျင် ကြာမြင့်ခဲ့ပြီးဖြစ်သော်လည်း ငါးပုစွန်အအေးခန်း စက်ရုံများ လက်တွေ့တွင် ဈေးကွက် ကျယ်ပြန့်စွာ စတင်နိုင်ခြင်း မရှိသေးကြောင်း ရေလုပ်ငန်းရှင်များက ပြော သည်။

ထိုသို့ ဈေးကွက်ကျယ်ပြန့်စွာ လုပ်ကိုင်နိုင်မှု မရှိခြင်းမှာ အာဆီယံဒေသတွင်းရှိ CMP လုပ်ငန်း လုပ်ကိုင်သော နိုင်ငံ များနှင့် ကုန်ကျစရိတ်ပိုင်းတွင် ယှဉ်နိုင်မှုမရှိခြင်းနှင့် အဓိက လိုအပ်ချက်ဖြစ်သည့် လျှပ်စစ်မီး ပြည့်ဝစွာ မရရှိခြင်းများစသော အဟန့်အတားများကြောင့်ဖြစ်ကြောင်း ယင်းတို့က ထောက်ပြပြောဆိုသည်။

မြန်မာနိုင်ငံတွင် ရေလုပ်ငန်းကဏ္ဍအနေဖြင့် ယခုနှစ် မတ်လ၀န်းကျင်မှစတင်ကာ CMP လုပ်ငန်းများကို လုပ်ကိုင်ခွင့်ရရှိခဲ့ခြင်း ပြီး ၀န်ကြီးဌာနသို့ အအေးခန်းစက်ရုံ ၁၁ရုံလုပ်ကိုင်ခွင့် တင်ပြခဲ့သည့်အနက် စက်ရုံနှစ်ရုံသာ လုပ်ကိုင်နိုင်ခြင်းဖြစ်သည်။

အဏ္ဍာဝါဒေ၀ီ ငါးပုစွန် အအေးခန်းစက်ရုံ ဥက္ကဋ္ဌ ဒေါက်တာဒေါ်တိုးနန္ဒာတင်က“ရေလုပ်ငန်းမှာ CMP လုပ်ငန်းက ထင်သလောက် မအောင်မြင်ဘူး ဖြစ်နေတယ်။ ကုန်ကြမ်းပို့တဲ့နိုင်ငံတွေက မြန်မာကိုပို့တဲ့အခါ အခြား CMP လုပ်နေတဲ့ နိုင်ငံတွေ ထက်စရိတ်တွေ ပိုများတော့ မလုပ်ချင်ကြဘူး။ ဒီက လုပ်ငန်းရှင်တွေက လည်း ငါးတစ်ကီလို အပေါ်လုပ်ကိုင်တဲ့ ကုန်ကျစရိတ်က ပြည်ပက လက်ခအဖြစ်ပေးနိုင်တဲ့ဈေးနဲ့ တန်းတူလောက်သွားဖြစ်နေတော့ အမြတ် မကျန်တော့ မကိုက်ဘူး”ဟုပြောသည်။

CMP လုပ်ငန်းများမှာ ပြည်ပမှ ကုန်ကြမ်းများအား လုပ်အားခတန်ဖိုး သတ်မှတ်ချက်ဖြင့် အချောကုန်များကို လုပ်ကိုင်ပေးရသော လုပ်ငန်းများဖြစ်ရာ ကုန်ကြမ်း တင်သွင်းသည့် စရိတ်နှင့် ကုန်ချော ပြန်လည်တင်ပို့ရ သည့်စရိတ်များ ရှိနေသည်။

လက်ရှိအချိန်တွင် CMP လုပ်ငန်းအများဆုံး လုပ်ကိုင်နေသည့် တရုတ်နှင့် ဗီယက်နမ်နိုင်ငံတို့ အနေဖြင့် ပြည်တွင်း ထုတ်ကုန်အားနည်းခဲ့စဉ်က CMP လက်ခစားလုပ်ငန်းများဖြင့်ပင် စီးပွားရေး ခြေလှမ်းစတင်ကာ စီးပွားရေး အရှိန်အဟုန် တိုးတက်လာခဲ့ခြင်း ဖြစ်သည်။

သို့ရာတွင် တရုတ်နှင့် ဗီယက်နမ် နိုင်ငံတို့မှာ စီးပွားရေးအင်အား ကြီးမားလာခြင်းကြောင့် လက်ခစား CMPနှုန်းထားများကို တိုးမြှင့်တောင်းခံလာသဖြင့် လက်ခစားပေးအပ်သည့် နိုင်ငံများမှာမူ မြန်မာပြည်သို့ ဈေးကွက်ပြောင်းရွှေ့ နေလိုခြင်းဖြစ်ကြောင်း လုပ်ငန်းရှင်များက ဆိုသည်။

မြန်မာနိုင်ငံ ငါးလုပ်ငန်းအဖွဲ့ချုပ် အထွေထွေ အတွင်းရေးမှူးဦးဝင်းကြိုင်က“တရုတ်နိုင်ငံဆိုရင် စီးပွားရေး ခြေလှမ်း အစမှာ CMP လုပ်ငန်းတွေနဲ့ လုပ်ကိုင်ခဲ့ရတာပါ။ အခုဆိုရင် တရုတ်မှာ လက်ခစား နှုန်းထားတွေ မြင့်လာလို့ တရုတ်ကို CMP အပ်နေတဲ့ နိုင်ငံတွေက မြန်မာကို ရွှေ့ပြောင်းပြီး ပေးချင်နေပြီ။ တကယ်ဆိုရင် ဒါဟာ အခွင့် အလမ်းကောင်းပါ။ ဒါပေမဲ့ ဒီဘက်မှာကျတော့ လက်ခစား နှုန်းထား သက်သာပေမယ့် စရိတ်တွေများတဲ့အတွက်ဈေးကွက်ရွှေ့လို့ မရဘူးဖြစ် နေတယ်”ဟုပြောသည်။

အထည်ချုပ်လုပ်ငန်း များတွင် လုပ်ကိုင် နေသည့် CMP လုပ်ငန်းများမူ ငါးပုစွန်ကုန် ကြမ်းများကဲ့သို့ အအေးခံ ကုန်သေတ်္တာများဖြင့် တင်သွင်းခြင်း မဟုတ်သည့်အတွက် ကုန် သေတ္တာသယ်ယူပို့ဆောင်စရိတ်တွင် ရေလုပ်ငန်း ကဏ္ဍထက် သက်သာမှုရှိခြင်း ဖြစ်သည်။

ငါးအအေးခန်းစက်ရုံများသည် ၂၄ နာရီ လျှပ်စစ်မီး လိုအပ်ခြင်းဖြစ်ရာ မြန်မာနိုင်ငံ၏ လျှပ်စစ်မီး မလုံလောက်မှုပြဿနာမှာ ကြီးမားသည့်အခက်အခဲဖြစ်နေခြင်းဖြစ်သည်။

လက်ရှိအချိန်တွင် ရေလုပ်ငန်း CMP လက်ခစား ပေးအပ်သည့် ဈေးကွက်အကြီးမားဆုံးနိုင်ငံမှာ သြစတေးလျ နိုင်ငံဖြစ်ရာ သြစတေးလျမှ တရုတ်သို့ ကုန်ကြမ်းကုန် သေတ္တာတင်ပို့သည့် စရိတ်သည် မြန်မာနိုင်ငံသို့ တင်ပို့သော ကုန်ကြမ်းကုန်သေတ်္တာစရိတ်၏ ထက်ဝက်မျှ လျော့နည်းနေခြင်းကြောင့် တရုတ်နိုင်ငံသို့သာ ဈေးကွက်ပေးနေကြောင်း ယင်းတို့က ဆိုသည်။

မြန်မာနိုင်ငံတွင် အထည်ချုပ်လုပ်ငန်းနှင့် ငါးပုဇွန်ရေလုပ်ငန်းများမှ CMP လုပ်ငန်းများကို လုပ်ကိုင်နေခြင်းဖြစ်ပြီး အထည်ချုပ်လုပ်ငန်းများမှာမူ ဈေးကွက်ကြီးမားမှု ရှိနေသည်။

No comments: