Sunday, September 29, 2013

ပေါက်တောမြို့နယ်တွင် ရှေ့ဟောင်းဘုရားတစ်ပါး ပျောက်ဆုံးနေ၊ သက်ဆိုင်ရာမှ တရားခံကို မဖော်ထုတ်ပေးနိုင်သေး

မိုးဇော်

စစ်တွေခရိုင်၊ ပေါက်တောမြို့နယ်၊ င/ဝက်စွယ်ကျေးရွာတွင် ဘုန်းတော်ကြီးကျောင်း၌ ဥာဏ်တော်အမြင့် ၉လက်မရှိသော ရှေ့ဟောင်း ဘုရားတစ်ပါး လွန်ခဲ့သော ၂၀၁၂ ခုနှစ် ဧပြီလ ၁၆ ရက်နေ့ကပင် ပျေက်ဆုံးနေပြီး ယခုအချိန်ထိ တရားခံကို မသိရသေးကြောင်း သတင်းရရှိသည်။

အဆိုပါ ဘုန်းကြီးကျောင်းတွင် ပျောက်ဆုံးသွားသော ဘုရားနှင့်အတူ နောက်ထပ် ရှေ့ဟောင်း သမိုင်းဝင် ပစ္စည်းများလည်းရှိပြီး ၄င်းပစ္စည်းများမှာ မကြာခဏ ပျေက်ဆုံးတတ်သည့်အတွက် ရွာသားများက မယုံသင်္ကာဖြစ်၍ ထိုဘုရားကို ဖူးမျော်ရန် ကျောင်းထိုင်ဆရာတော်အား မေးမြန်းကြည့်ရာတွင် ဘုရားတစ်ပါးပျောက်ဆုံးနေသည်ကို တွေ့ရှိရကြောင်း င/ဝက်စွယ်ကျေးရွာသား တစ်ဦးဖြစ်သူ ကိုအထွန်းရွှေက ပြောသည်။

" ပျောက်ခဲ့တာကတော့ ပြောရရင်အရှည်ကြီးပါ။ ကျွန်တော်တို့ ရွာမှာက ဒီဘုရားတစ်ပါးတည်း မဟုတ်ပါလေ။ ကျွန်တော်တို့ရွာမှာက ဒီလို ရွာတည်က တည်းကပင် ခေတ်အဆက်ဆက် တောက်လျှောက် ကိုးကွယ်လာတာ ရှေ့ဟောင်းသမိုင်းဝင်တွေ ရှိပါတယ်။ ပရိဘောဂတွေ၊ ဘုရားအပါအဝင် ဓာတ်မှန်အိမ် (မီးအိမ်)တွေ၊ ငွေသားတုံးတွေ၊ ကြွေထည်အိုးတွေ အများကြီးရှိပါတယ်။ အဲဒါတွေ ပျောက်ဆုံးနေတာတွေကို ရွာသားတွေက မယုံသင်္ကာလို့ ကျောင်းကဆရာတော်ကို လျှောက်ထားပါတယ်။ ဘုရားတစ်ခေါက်ဖူးချင်လို့ ဘုရားကိုထုတ်ပြပေးဖို့ လွန်ခဲ့တဲ့နှစ် သင်္ကြန်က တောင်းဆိုခဲ့ ပါတယ်။ ဒါပေမယ့် ဆရာတော်က မပြနိုင်ပါ။ အဲဒီအချိန်မှ ဘုရား ပျောက်ဆုံးနေတာကို သိရပါတယ်။ " ဟု ၄င်းကပြောသည်။

ရွာသားများက ဘုရားပျောက်ဆုံးနေသည့်ကိစ္စနှင့် ပတ်သက်၍ ကျောင်းထိုင်ဆရာတော်အား မယုံသင်္ကာဖြစ်နေကြသော်လည်း ကျောင်းထိုင်ဆရာတော်မှ ဘုရားပျောက်ဆုံးသည့်အချိန်တွင် ကျောင်းတွင်မရှိကြောင်း၊ ဘုန်းကြီးကျောင်း၏ သော့များကိုလည်း အခြားဦးဇင်းများကို အပ်နှံထားခဲ့ကြောင်း သိရသည်။

ကျောင်းထိုင်ဆရာတော်သည် ပျောက်ဆုံးနေသော ဘုရားအပါအ၀င် ရှေ့ဟောင်း သမိုင်းဝင် ပစ္စည်းများကို ဘုန်းကြီးကျောင်းသို့ အခြားကျေးရွာများမှ လာရောက်လည်ပတ်သော ဧည့်သည်များကို ထုတ်ပြလေ့ရှိကြောင်း ရွာသားများက ဆိုသည်။


ပျောက်ဆုံးနေသော ဘုရားမှာ ဝေသာလီခေတ်က ကြေးဆင်းထုတော်ဘုရားဖြစ်ပြီး ဥာဏ်တော်အမြင့် ၉ လက်မရှိကြောင်း၊ ယင်းအတွက်နှင့် တန်ဖိုးလည်းရှိပြီး ရှေ့ဟောင်းသမိုင်းဝင် ဘုရားတစ်ပါးဖြစ်သည်ကို ယခင်ကျောင်းထိုင်ဆရာတော်က ပြောကြားခဲ့ကြောင်း ကိုအထွန်းရွှေက ဆိုသည်။

ထိုဘုရား ပျောက်ဆုံးနေသော ကိစ္စနှင့် ပတ်သက်၍ ရွာသားများက တရားခံအား ဖော်ထုတ်ပေးရန် ပေါက်တောမြို့ ရဲစခန်း၊ ပြည်နယ်နှင့် ရခိုင်ပြည် သံဃာ့နာယကထံ တိုင်းကြားခဲ့သော်လည်း အကြောင်းတစ်စုံတရာ ပြန်ကြားခြင်း မရှိကြောင်းသိရသည်။

" သက်ဆိုင်ရာရဲတွေကို တိုင်ကြားထားပါတယ်။ ပြည်နယ်နဲ့ သံဃာ့နာယက ဆရာတော်တွေကိုလည်း တိုင်းကြားထားပါတယ်။ သူတို့က အကြောင်းမပြန်ပါ။ မပြန်လို့ ကျွန်တော်တို့ ရွာသားတွေက ပေါက်တော ရဲစခန်းမှာ အမှုဖွင့်လိုက်ပါတယ်။ အမှုဖွင့်ပေမယ့်လည်း ရဲတွေက ထိထိရောက် ရောက် မဆောက်ရွက်ကြဘူး။ ဒါကြောင့် အခုအချိန်ထိ တရားခံကို မဖော်ထုတ်ပေးနိုင်ကြဘူး။ " ဟု ၄င်းက ဆိုသည်။

ယင်းကဲ့သို့ ရဲများ၏ ဆောင်ရွက်မှုများ အားနည်းနေသောကြောင့် င/ဝက်စွယ် ကျေးရွာအတွင်းမှာ အမှုမှန်ပေါ်ပေါက်အောင် ဖော်ထုတ်နေသော အသိုင်းအဝိုင်းတစ်စုနှင့် ကျောင်းထိုင်ဆရာတော်၏ ဆွေမျိုးအသိုင်းအ၀ိုင်းတစ်စုကြား မကျေနပ်မှုများ တိုးပွားနေကြကြောင်း၊ ညဥ့်အချိန်တွင်လည်း လူနားမခံနိုင်သော ကြမ်းတမ်းသည့် စကားများဖြင့် အော်ဟစ်သောက်ကျန်းမှုများရှိနေပြီး နောက်ထပ် မလိုလားအပ်သော ပြဿနာများ ဖြစ်လာမည်ကို ရွာသားများက အလွန်စိုးရိမ်နေကြကြောင်း၊ သို့ဖြစ်ပါ၍ သက်ဆိုင်ရာ တာဝန်ရှိပုဂ္ဂိုလ်များမှ အမှုမှန်အား အမြန်ဆုံးဖော်ထုတ်ပေးပါရန် ရွာသားများက တောင်းဆိုနေကြကြောင်း သိရသည်။

No comments: