ပန်းမြတ်ဇော် | အင်္ဂါနေ့၊ အောက်တိုဘာလ ၀၈ ရက် ၂၀၁၃
မြန်မာကိုယ်စားပြု အလှမယ်ပြိုင်ပွဲများတွင် ဆုများရရှိထားသူ နန်းခင်ဇေယျာနှင့် ခင်ဝင့်ဝါတို့နှစ်ဦးသည်အောက်တိုဘာ ၇ ရက်တွင် ပြည့်မြောက်ခဲ့သော ယခုနှစ်အတွင်း နာရေးကူညီမှုအသင်း(ရန်ကုန်)၏ တစ်သောင်းပြည့် နာရေးတွင် ပါဝင်ကူညီခဲ့သည်။
ယင်းသို့ပါဝင်ရခြင်းမှာ အလှမယ်နှစ်ဦးသည် လူမှုရေးလုပ်ငန်းများတွင် တတ်စွမ်းသလောက် ပါဝင်လုပ်ကိုင်လိုသော ရည်ရွယ် ချက်ကြောင့် လုပ်ကိုင်ခဲ့ခြင်းဖြစ်သည်။
အလှမယ်နှစ်ဦးသည် ယခုနှစ်အတွက် တစ်သောင်းပြည့်နာရေးအခေါင်းကိုရှေ့မှ သယ်ဆောင်ခဲ့ကြခြင်း ဖြစ်သည်။ “တစ်သောင်း ပြည့်တဲ့နေ့မို့လို့ အသင်းဝင်တစ်ယောက်အနေနဲ့ ပါဝင်ခဲ့တယ်။ အခုလိုပါဝင်ခွင့်ရလို့လည်း ၀မ်းသာ မိတယ်။ အလောင်းကို ထမ်းခွင့်ရတဲ့အတွက်လည်း ပျော်ပါတယ်။ ညီမလေးခင်ဝင့်ဝါလည်း လာရောက်ကူညီတဲ့ အတွက် အများကြီးဝမ်းသာမိပါတယ်” ဟု နန်းခင်ဇေယျာကဆိုသည်။
ခင်ဝင့်ဝါကလည်း နာရေးကူညီမှုအသင်းတွင် ပထမဆုံးလုပ်အားပေးခြင်းဖြစ်ပြီး ပြင်ဆင်ခြယ်သခြင်းမပြုဘဲ နာရေး ကူညီမှု၏ တစ်သောင်းပြည့်နာရေးကို ကူညီလုပ်ကိုင်ခဲ့သည်။ ယင်းသို့ တစ်သောင်းပြည့်နာရေးတွင် ပါဝင်ဖြစ်ပုံကို ခင်ဝင့်ဝါက “ညီမစာမေးပွဲဖြေပြီးနောက်တစ်ရက်မှာ အလှူတွေလိုက်လုပ်ဖြစ်တယ်။ ချမ်းသာကြီးဘုန်းတော်ကြီးကျောင်းမှာ နေ့ဆွမ်းနဲ့ဝတ္ထုငွေ ဆပ်ကပ်လှူဒါန်းပြီး နာရေးကူညီမှုအသင်း (ရန်ကုန်) မှာ ထပ်သွားလှူခဲ့တယ်။ ဦးမောင်(ကျော်သူ) က မနက်ဖြန် နာရေးကူညီမှုအသင်း (ရန်ကုန်) တစ်သောင်းပြည့်အစီအစဉ်ရှိတယ်။ အားရင်လာ ကူညီပါလို့ ဖိတ်ကြားတဲ့အတွက် သွားကူညီပေးဖြစ်သွား တာပါ” ဟုဆိုသည်။
နန်းခင်ဇေယျာသည် နာရေးကူညီမှုအသင်း (ရန်ကုန်) တွင် လွန်ခဲ့သည့်ခြောက်လမှစတင်ကာ အသင်းဝင်အဖြစ် လုပ်ကိုင်လျက်ရှိပြီး ခင်ဝင့်ဝါသည် ယခုလမှစတင်ကာ တစ်လလျှင် တစ်ရက်လုပ်အားပေးမည်ဖြစ်သည်။
No comments:
Post a Comment