Sunday, October 27, 2013

မြန်မာအပြောင်းအလဲကို ဦးသန်းရွှေ စောင့်ကြည့်လို့ဆို

ABC

အရင်စစ်အုပ်ချုပ်ရေးကာလက ​မြန်မာနိုင်ငံကို ​ဆယ်စုနှစ် ​၂ ​စု ​ကျော် ​အာဏာနဲ့ ​အုပ်စိုးခဲ့တဲ့ ​အငြိမ်းစား ​ဗိုလ်ချုပ်မှူးကြီးသန်းရွှေဟာ ​မြန်မာနိုင်ငံရဲ့ ​လက်ရှိအပြောင်းအလဲတွေကို ​စိတ်ဝင်တစားနဲ့ ​စောင့်ကြည်နေတယ်လို့ ​လွှတ်တော်ဥက္ကဌ ​သူရ ​ဦးရွှေမန်းက ​ကြာသပတေးနေ့က ​ထုတ်ဖော်ပြောကြားလိုက်ပါတယ်။

ဦးသန်းရွှေမိသားစု ​ကို ​သီတင်းကျွတ်လပြည့်နေ့က ​သွားရောက်ကန်တော့တုန်းက ​မြန်မာ့နိုင်ငံရေး ​ဖြစ်စဉ်များ ​အပေါ် ​စိုးရိမ်ပူပန်တဲ့အကြောင်း ​ဦးသန်းရွှေက ​သူ့ကို ​ပြောဆိုခဲ့တယ်လို့ ​သူရဦးရွှေမန်းက ​မနေ့က ​နေပြည်တော်မှာ ​ကျင်းပတဲ့ ​သတင်းစာရှင်းလင်းပွဲ ​ပြောဆိုလိုက်တာ ​ဖြစ်ပါတယ်။

ဦးသန်းရွှေကို ​အခုလက်ရှိ ​မြန်မာနိုင်ငံရေး ​အခင်းအကျင်းမှာ ​နောက်ကွယ်က ​ကြိုးကိုင်သူအဖြစ် ​တချို့က ​ယူဆနေကြပေမယ့် ​ဒါဟာ ​မှန်ကန်မှုမရှိတဲ့အကြောင်း၊ ​မြန်မာ့ ​နိုင်ငံရေး ​အခန်းကဏ္ဍကမှာ ​ဦးသန်းရွှေအနေနဲ့ ​ပါဝင် ​ပတ်သတ်ခြင်းမရှိကြောင်း ​သူရဦးရွှေမန်းက ​ပြောကြားခဲ့ပါတယ်။

တဆက်တည်းမှာပဲ ​လာမယ့် ​၂၀၁၅ ​ရွေးကောက်ပွဲမှာ ​သမ္မတအဖြစ် ​၀င်ရောက်အရွေးခံဖို့ ​အစီအစဉ်မရှိတဲ့အကြောင်း ​ဦးသိန်းစိန်က ​သူ့ကို ​ပြောဆိုခဲ့တယ်လို့ ​ပြည်ခိုင်ဖြိုးပါတီ ​ဥက္ကဌ ​နေရာကို ​ဦးသိန်းစိန်လက်ထဲကနေ ​ဒီနှစ်အတွင်းမှာ ​ရယူခဲ့တဲ့ ​သူရဦးရွှေမန်းက ​ပြောပါတယ်။

မြန်မာနိုင်ရဲ့ ​ပြုပြင်ပြောင်းလဲမှုတွေ ​ကြောင့် ​လက်ရှိမြန်မာသမ္မတ ​ဦးသိန်းစိန်ကို ​နိုင်ငံတကာက ​ချီးကျူးနေကြပေမယ့် ​နောက်သက်တမ်းတခု ​တာဝန်ထမ်းဆောင်ဖို့က ​မြန်မာပြည်သူတွေရဲ့ ​လိုလားချက် ​နဲ့ ​သူ့ရဲ့ ​ကျန်းမာရေး ​အခြေအနေ ​အပေါ် ​မူတည်တဲ့အကြောင်း ​မြန်မာသမ္မတက ​မနှစ်တုန်းက ​ထုတ်ဖော်ပြောဆိုခဲ့ဖူးပါတယ်။

အရင် ​စစ်အစိုးရလက်ထက်တုန်းက ​ဦးသိန်းစိန်ထက် ​ရာထူးပိုကြီးခဲ့တဲ့ ​သူရဦးရွှေမန်းဟာ ​ပြုပြင်ပြောင်းလဲ ​လုပ်လိုစိတ်ရှိတဲ့ ​နိုင်ငံရေးအရ ​အစွန်းမရောက်တဲ့သူ၊ ​စစ်တပ်နဲ့ ​ဆက်ဆံရေး ​ကောင်းကောင်းထား ​လိုသူ ​ဖြစ်ပြီး ​ဥပဒေ ​ရေးစွဲသူတွေကို ​လေးစားတမှုရှိတဲ့ ​သူ ​အဖြစ် ​နိုင်ငံရေးအကဲခတ် ​တချို့က ​လက်ခံထားပါတယ်။

မြန်မာသမ္မတအဖြစ် ​အရွေးခံဖို့ ​ဆန္ဒရှိကြောင်းကိုလည်း ​သူရဦးရွှေမန်းက ​မကြာခဏ ​ထုတ်ဖော်ပြောလေ့ရှိပေမယ့် ​မြန်မာ့ ​ဒီမိုကရေစီခေါင်းဆောင် ​ဒေါ်အောင်ဆန်းစုကြည် ​သမ္မတဖြစ်ခွင့် ​တားဆီးထားတဲ့ ​ဖွဲ့စည်းပုံ ​အခြေခံဥပဒေပါ ​သမ္မတ ​အရည် ​အချင်း ​ပြဋ္ဌာန်းချက် ​ပုဒ်မ ​၅၉ ​စ ​ကို ​ပြင်ဆင်သင့်တယ်လို့ ​သူရ ​ဦးရွှေမန်းက ​ထပ်လောင်း ​ပြောကြား ​လိုက်ပါတယ်။ ​အဲဒီအချက်ကတော့ ​နိုင်ငံခြားသားနဲ့ ​​လက်ထပ်ခဲ့သူ၊ ​​နိုင်ငံခြားသား ​​သားသမီးရှိသူတွေအနေနဲ့ ​​သမ္မတ ​​ဖြစ်ပိုင်ခွင့် ​​မရှိဘူးဆိုတဲ့ ​အချက်ပဲ ​ဖြစ်ပါတယ်။


မြန်မာပြည်လုံးကျွတ်အပစ်အခတ်ရပ်စဲရေး


မြန်မာနိုင်ငံမှာ ​ပြုလုပ်မယ့် ​ပြည်လုံးကျွတ်အပစ်အခတ်ရပ်စဲရေး ​အစီအစဉ်မှာ ​ကချင်ကေအိုင်အေ ​အဖွဲ့နဲ့ ​တအောင်း ​ပလောင်အဖွဲ့တွေ ​မပါဝင်ရင်တောင် ​အဲဒီအစီအစဉ်ကို ​ဆက်လက်အကောင်အထည် ​ဖော်သွားမှာ ​ဖြစ်တယ်လို့ ​မြန်မာအစိုးရက ​ပြောလိုက်ပါတယ်။

အပစ်အခတ်ရပ်စဲရေး ​သဘောတူလက်မှတ်ရေးထိုးဖို့ ​ကချင်အဖွဲ့ကိုရော ​ပလောင်အဖွဲ့ကိုပါ ​ဖိတ်ခေါ်ထားပေမယ့် ​လာမယ့်လအတွင်း ​မထိုးဖြစ်ရင်တောင် ​တစ်နိုင်ငံလုံး ​အတိုင်းအတာနဲ့ ​အပစ်အခတ်ရပ်စဲရေး ​အစီအစဉ်ကို ​ဆက်လက်လုပ်ဆောင်သွားမှာဖြစ်တယ်လို့ ​သမ္မတရုံး ​ဒုဝန်ကြီး ​ဦးအောင်သိန်းက ​ဂျပန်နိုင်ငံက ​သတင်းထောက်တွေကို ​ပြောခဲ့ပါတယ်။

ကုလသမဂ္ဂကနေ ​တခါတရံ ​ကျင့်သုံးတဲ့အတိုင်း ​အဖွဲ့အားလုံး ​သဘောမတူရင်တောင် ​ဆက်လက်အကောင်အထည်ဖော်သွားပြီး ​အဲဒီအဖွဲ့တွေ ​အဆင်သင့်ဖြစ်တဲ့အခါ ​လက်မှတ်ရေးထိုးမှာ ​ဖြစ်တယ်လို့ ​ဆိုပါတယ်။

မြန်မာနိုင်ငံမှာ ​ပြည်လုံးကျွတ်အပစ်အခတ် ​ရပ်စဲရေး ​လက်မှတ်ရေးထိုးပြီးရင်တော့ ​နိုင်ငံရေး ​ဆွေးနွေးပွဲတွေလုပ်ဖို့ ​အစိုးရက ​စီစဉ်နေပြီး ​အဲဒီအထဲမှာ ​အုပ်ချုပ်ရေးအာဏာ ​မျှဝေကြဖို့ ​ကိစ္စတွေ ​သဘာဝ ​သယံဇာတ ​ခွဲဝေယူတဲ့ ​ကိစ္စတွေကို ​ဆွေးနွေးကြမယ်လို့ ​ပြောပါတယ်။

ပြည်လုံးကျွတ် ​အပစ်အခတ်ရပ်စဲရေး ​သဘောတူညီချက် ​လက်မှတ်ကို ​လာမယ့်လအတွင်း ​ပြုလုပ်ဖို့ ​ပြောဆိုခဲ့ပေမယ့် ​ဘယ်အချိန်၊ ​ဘယ်နေရာမှာ ​ပြုလုပ်မယ်ဆိုတာတော့ ​ထုတ်ဖော်ပြောဆိုတာ ​မရှိတဲ့အကြောင်း ​ကျိုဒိုး ​သတင်းအရ ​သိရပါတယ်။

No comments: