Wednesday, October 9, 2013

ကျပ်သိန်း ၂၇၄၁ တန်ဖိုးရှိ စိတ်ကြွဆေးပြားများ ရန်ကုန်လေဆိပ်တွင် ထိုးမုန့်ထုပ်အတွင်းမှ ဖမ်းမိ

ဇော်ဇော်ထွေး | ဗုဒ္ဓဟူးနေ့၊ အောက်တိုဘာလ ၀၉ ရက် ၂၀၁၃

ရန်ကုန် အပြည်ပြည်ဆိုင်ရာ လေဆိပ်အတွင်းရှိ ပြည်ပထွက်ခွာဆောင်တွင် ထိုးမုန့်ထုပ်အတွင်းမှ ၀ှက်၍ သယ်ယူ လာသည့် ကျပ်သိန်း ၂၇၄၁ တန်ဖိုးရှိ စိတ်ကြွဆေးပြားများ ဖမ်းဆီးရမိသည့်ဖြစ်စဉ်ကို အောက်တိုဘာလ ၇ ရက်တွင် ဖြစ်ပွားခဲ့ကြောင်း ရန်ကုန်တိုင်းရဲတပ်ဖွဲ့မှူးရုံးက သတင်းထုတ်ပြန်လိုက်သည်။

ယင်းသို့ သယ်ယူလာသူမှာ ရန်ကုန်မြို့၊ သင်္ကန်းကျွန်းမြို့နယ်နေသူ မ -- ဖြစ်ပြီး ၎င်း၏အိတ်အား Main X Ray စက်တွင် ဖြတ်သန်းစဉ် မသင်္ကာသဖြင့်အိတ်ဖွင့်ကာစစ်ဆေးခဲ့ရာတွင် မြင့်မြင့်ဝေနှင့် ကမ္ဘာစန်းတံဆိပ် ထိုးမုန့် ဘူးခွံ ၁၈ ဘူးအတွင်းမှ သယ်ယူခဲ့သည့် WY စာတန်းပါ ပန်းရောင်စိတ်ကြွဆေးပြား ( ၅၄၇ ၂၀ ) ပြား၊ အလေးချိန် ၅ ဒသမ ၄၇၂ ကီလို ဂရမ် ဆေးပြားအကြေ ၀ ဒသမ ၀၁ ကီလိုဂရမ်၊ စုစုပေါင်း အလေးချိန် (၅ဒသမ၄၈၂) ကီလိုဂရမ် တွေ့ရှိခဲ့ရခြင်းဖြစ်သည်ဟု ပြောပြထားသည်။

မ... အား စစ်ဆေးရာတွင် သာကေတမြို့နေသူ ကို ... ဆိုသူက ပို့ဆောင်ခိုင်းခဲ့ကြောင်း ပြောကြားခဲ့ပြီး သူမ အိတ် အတွင်းမှ ရန်ကုန် - ဘန်ကောက် - ဒါကာအသွား အပြန် လေယာဉ်လက်မှတ်၊ အမေရိကန် ဒေါ်လာ ၄၀၀၊ခေါက်ပိုက်ဆံအိတ်တစ်လုံး၊ ဆင်းကဒ်ပါ လက်ကိုင်ဖုန်းတစ်လုံးတို့ကိုပါ သိမ်းဆည်းခဲ့သည် ဟုသတင်းထုတ်ပြန် ခဲ့သည်။

မ --- ပြောကြားချက်အရ ပို့ဆောင်ခိုင်းသူ၏ သာကေတနေအိမ်အား သွားရောက်ရှာဖွေရာတွင် ပစ္စည်းများအားတွေ့ရှိခြင်းမရှိသော်လည်း ကို .. ဆိုသူအား စစ်ဆေးမေးမြန်းလျက်ရှိသည်။

ယခုအခါတွင် မ --- နှင့် ကို --- တို့ အား မင်္ဂလာဒုံရဲစခန်းက မူးယစ် (ပ) ၁၀ / ၂၀၁၃ ဖြင့် စစ်ဆေးလျက် ရှိကာပြစ်မှုထင်ရှားပါက မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများဆိုင်ရာ ဥပေဒပုဒ်မ ၁၅/၁၉(က)/၂၀(က)(ခ)/၂၁ တို့ဖြင့် တရားစွဲဆိုမည်ဖြစ်ကြောင်း တိုင်းရဲတပ်ဖွဲ့က သတင်းထုတ်ပြန် ထားသည်။

No comments: